တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အောင်လအန်ဆန်အား ဂုဏ်ပြုစာလွှာ ပေးအပ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အောင်လအန်ဆန်အား ဂုဏ်ပြုစာလွှာ ပေးအပ်
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနိုင်ရအောင်မြင်ခဲ့သည့် အောင်လအန်ဆန်အား ဂုဏ်ပြုစာလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်သည့် One Hero's Dream ပြိုင်ပွဲတွင် စိန်ခေါ်သူ မွေ့ထိုင်းဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ အလိန်းဂါလာနီ (ဟောင်ကောင်)အား မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်က ပထမအချီ၌ပင် အလဲထိုး ခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အောင်လအန်ဆန်အား ယခု ဒုတိယအကြိမ်ဂုဏ်ပြုခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့တွင် ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဆွတ်ခူးရယူနိုင်ခဲ့သည့် အောင်လအန်ဆန်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ကျပ်သိန်း ၁၀၀ ပါ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

အောင်လအန်ဆန်သည် ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်သည့် LIGHT OF A NATION MMA ပြိုင်ပွဲတွင် ရှုံးပွဲမရှိသေးသည့် ကမ္ဘာ့ချန်ပီယံ ရုရှနိုင်ငံသားအား အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောင်လအန်ဆန်ကို ဂုဏ်ပြုစကား ဆိုခဲ့ပြီး "Dear သားအောင်လ " ဟု အစချီကာ အောင်ပွဲအတွက်ဝမ်းသာဂုဏ်ယူကြောင်း နိုဝင်ဘာလ ၃ ရက်ရက်စွဲနဲ့ အန်တီဒေါ်အောင်ဆန်းစုကြည်ဟု ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်းသည် မြန်မာ့မြေတွင် ၄ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly