အမေရိကန်တို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို မည်သည့်အာဏာရှင်ကမှ လျှော့မတွက်သင့်ဟု ထရမ့်ပြောဆို

အမေရိကန်တို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို မည်သည့်အာဏာရှင်ကမှ လျှော့မတွက်သင့်ဟု ထရမ့်ပြောဆို

တိုကျို၊ ဂျပန်၊ နိုဝင်ဘာ ၅ ။            ။ အာရှခရီးစဉ်စတင်ပြီးနောက် ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားအစိုးရ အားရည်ညွှန်းကာ မည်သည့်အာဏာရှင်ကမှ အမေရိကန်ပြည်ထောင်စု၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို လျှော့မတွက် သင့်ကြောင်း တနင်္ဂနွေနေ့၌ ပြောဆိုခဲ့သည်။

တိုကျိုမြို့အနောက်ပိုင်းရှိ ယိုကိုတာ အမေရိကန်လေတပ်စခန်းမှ တပ်သားများအား မိန့်ခွန်းပြောကြားခဲ့စဉ်တွင် ထရမ့်က “မည်သူမဆို၊ မည်သည့်အာဏာရှင်မဆို၊ မည်သည့်အစိုးရမဆို၊ မည်သည့်နိုင်ငံမဆို အမေရိကန်တို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို လျှော့မတွက်သင့်ပါဘူး” ဟု ပြောဆိုခဲ့သည်။

“အတိတ်ကာလတုန်းက သူတို့ဟာ ကျုပ်တို့ကို တစ်ခါတစ်လေ လျှော့တွက်ခဲ့ကြဖူးပါတယ်။ အဲ့လိုလုပ်မိတာ သူတို့အတွက်တော့ ကျေနပ်စရာဖြစ်မသွားပါဘူး။ ဟုတ်တယ်မလား” ဟု ထရမ့်က ဟစ်ကြွေးခဲ့သည်။

ဆက်လက်ပြီး “ ကျုပ်တို့ရဲ့ ပြည်သူတွေ၊ ကျုပ်တို့ရဲ့ လွတ်လပ်ခွင့်နဲ့ ကျုပ်တို့ရဲ့ အမေရိကန်အလံတော်ကြီး ကို ကာကွယ်စောင့်ရှောက်ရာမှာ ကျုပ်တို့ ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ပါဘူး။ ဘယ်တော့မှ ယိမ်းယိုင်တုန်လှုပ် မှာမဟုတ်သလို ဘယ်တော့မှလည်း တုံ့ဆိုင်းနေမှာမဟုတ်ပါဘူး” ဟု ထရမ့်က ဆက်လက်ကြံုးဝါးခဲ့သည်။

အမေရိကန်ဗုံးကြဲလေယာဉ်များ ကိုရီးယားကျွန်းဆွယ်ဒေသအပေါ်၌ တစ်ချီတစ်ခေါက်ပျံသန်းခြင်းနှင့် ပြံုယမ်း အစိုးရ၏ ဒုံးပျံစမ်းသပ်မှုများကြောင့် ထိတ်လန့်မှုများ မြင့်တက်လာချိန်တွင် မြောက်ကိုရီးယားအရေးကိစ္စကို ဖြေရှင်းနိုင်ရန်အတွက် ဒေါ်နယ်ထရမ့်က သူ၏အာရှခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။

ဒေါ်နယ်ထရမ့်၏ အာရှခရီးစဉ်အစပိုင်းတွင် နျူကလီးယားစမ်းသပ်မှုများကိုစွန့်လွှတ်ရန် ပြံုယမ်းအစိုးရအား ဖိအားပေးနေကြသည့် အမေရိကန်တို့၏ မဟာမိတ်များဖြစ်ကြသော ဂျပန်နှင့်ကိုရီးယားတို့သို့ အရင်ဦးဆုံးသွား ရောက်လည်ပတ်ရန် စီစဉ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags