လူတစ်ဦးအား ၀ိုင်းဝန်းရိုက်နှက်ခဲ့ပြီး သေဆုံးခဲ့သည့်အပေါ် တရားဥပဒေစိုးမိုးမှုမရှိဟု ဒေါ်နော်အုန်းလှပြော

လူတစ်ဦးအား ၀ိုင်းဝန်းရိုက်နှက်ခဲ့ပြီး သေဆုံးခဲ့သည့်အပေါ် တရားဥပဒေစိုးမိုးမှုမရှိဟု ဒေါ်နော်အုန်းလှပြော
ဓာတ်ပုံ-Thiha Than Soe ဖေ့ဘုတ်

ရန်ကုန် နိုဝင်ဘာ ၅ ။            ။ လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော ဗီဒီယိုဖိုင်တွင် လယ်မြေအတွင်း လူတစ်ဦး ရိုက်နှက်ခံရာမှ သေဆုံးသွားခဲ့ရာ ယင်းသေဆုံးမှုအပေါ် တရားဥပဒေစိုးမိုးမှုမရှိဟု   ပြည်ထောင်စုတိုင်းရင်းသား တောင်သူ လယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဒေါ်နော်အုန်းလှက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အင်းဝိုင်းသကြားစက် အနီးတွင် မြေယာအသိမ်းခံရသည့်ကိစ္စအတွက် ဦးဌေးအောင်ဆိုသူက လာရောက်စဉ် ရွာသားများ ဝိုင်းဝန်းရိုက်နှက်ကြရာမှ သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

“မြေပြသနာတွေကို အစိုးရအနေနဲ့ ရှင်းရှင်းလင်းလင်း မဖြေရှင်းခဲ့တဲ့အတွက် ဒီပြသနာတွေ ဖြစ်လာတယ်လို့ အန်တီမြင်တယ်၊ ဒီပြသနာတွေ မဖြေ ရှင်းနိုင်သေးသ၍ ရာဇဝတ်မှုတွေ ဒီလိုဖြစ်လာမယ်၊ တရားဥပဒေစိုးမိုးမှု မရှိဘူးဖြစ်မယ်" ဟု ဒေါ်နော်အုန်းလှက ပြောသည်။

ပြည်ထောင်စုတိုင်းရင်းသားတောင်သူလယ်သမား သမဂ္ဂ၊ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ၊ သတင်းမီဒီယာသမား တစ်ယောက်လည်း ဖြစ်သော ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အိုင်ဝိုင်းပါဟဲ ကျေးရွာနေ ဦးဌေးအောင် သေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ ဗီဒီယိုများ လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး ရိုက်နှက်သူများက ဗီဒီယို ရိုက်ကူးခဲ့သည်ဟု သတင်းများ ထွက်ပေါ်လျှက် ရှိသည်။

သေဆုံးသူအား အဆိုပါနေရာသို့ လယ်ယာမြေကိစ္စအတွက် လာရောက်ရန် ခေါ်ယူပြီး ရိုက်နှက်ခံရပြီးနောက် သတိလစ်မေ့မျောကာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဦးဌေးအောင်အရိုက်နှက်ခံရပြီး၊ ကွင်းပြင်ထဲတွင် ခေါင်းဒဏ်ရာဖြင့် ထိုင်နေသည့် Video မှတ်တမ်း မှာ ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာ များပေါ်တွင် ပျံ့နှံ့ခဲ့ပြီး၊ တရားဥပဒေစိုးမိုးရေး အပေါ် မေးခွန်းထုတ်မှုများ ရှိခဲ့သည်။

သေဆုံးသူ ဦးဌေးအောင်သည် ယင်းဒေသတွင် အသိမ်းဆည်း ခံမြေယာပြသနာများကို စုံစမ်းဖော်ထုတ်ကာ နိုင်ငံတော်သမ္မတအပါအဝင် ဌာနဆိုင်ရာများနှင့် လွွှတ်တော်သို့ ဦးဆောင်တိုင်ကြားခြင်းများ ပြုလုပ်ခဲ့သည့် အတွက် ရိုက်နှက်ခြင်း ခံရသည်ဟု ဒေါ် နော်အုန်းလှက ပြောသည်။

"တရားဥပဒေစိုးမိုးမှုနဲ့ပတ်သက်ပြီး ရဲက လူအများ ကြီး ဝိုင်းရိုက်တာတောင်မှ ၃ ယောက်တည်း ဖမ်းတယ် ဆိုတော့ ရဲမှာလည်း အများကြီး တာဝန်ရှိတာပေါ့နော်၊ ရဲကိုလည်း အန်တီတို့ နာမည်တွေ ပြောခဲ့တယ်၊ အဲဒီအမှုကို နောင်ချိုမြို့မရဲစခန်းကို ပြောင်းလိုက်ပြီ၊ အခု သူ ဖမ်းထားတာက သုံးယောက်၊ သုံးယောက်တည်း ဖမ်းထားပြီး ရိုက်တာက အယောက် ၂၀ က ဝိုင်းရိုက်တာ အိုက်ကျော် အသက် ၄၂၊ ကျော်ဇင်လတ် အသက် ၂၀၊ နော်ငင်း ၄၆ နှစ် သုံးယောက်ကိုတော့ သူဖမ်းထားတယ်"ဟု ဒေါ်နော်အုန်းလှက ဆက်လက်ပြောသည်။

သေဆုံးသူ ဦးဌေးအောင်သည် သူရိယအလင်း ဂျာနယ်တွင် အလွတ်တန်းသတင်းထောက်၊ ပြည်သူ့ဘဝ ဂျာနယ်တွင် မန္တလေးတိုင်း တာဝန်ခံအယ်ဒီတာအဖြစ် တာဝန်ယူထားပြီး၊ ဇနီးဒေါ်အေးစိန်နှင့် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။

နောင်ချိုမြို့နယ် ရဲစခန်းမှ ဖမ်းဆီးထားသူ ၃ ဦးကို ဆဲဆိုမှု၊ လူသတ်မှု၊ ထိခိုက်နာကျင်အောင် ဆောင်ရွက်မှု ပုဒ်မ ၂၉၄၊ ၁၁၄၊ ၃၀၂ များနှင့် နောင်ချိုမြို့နယ် ရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းသို့ မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly