ပန်းပျိုးပင် မျိုးစိတ်ပေါင်း (၂)သိန်း နီးပါးကို ပြင်ဦးလွင်ပန်းပွဲတော်တွင် ပြသရန် စိုက်ပျိုးထား

ပန်းပျိုးပင် မျိုးစိတ်ပေါင်း (၂)သိန်း နီးပါးကို ပြင်ဦးလွင်ပန်းပွဲတော်တွင် ပြသရန် စိုက်ပျိုးထား

(၁၂)ကြိမ်မြောက် ပြင်ဦးလွင် ပန်းပွဲတော် ကျင်းပရန် တစ်လဝန်းကျင်အလို ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း နိုဝင်ဘာလပထမအပတ်မှ စတင်ပြီး ပန်းပျိုးပင် မျိုးစိတ်ပေါင်း (၂)သိန်း နီးပါး စိုက်ပျိုးထားကြောင်း သိရသည်။

'' (၁၂)ကြိမ်မြောက် သက်တမ်းနဲ့အညီ တစ်နှစ်နဲ့ တစ်နှစ် မတူအောင် ဒီနှစ် ခင်းကျင်း ပြသသွားမှာပါ၊ ပန်းပွဲတော် ကျင်းပတဲ့အချိန်ကာလမှ စိုက်ပျိုးလို့ရတဲ့ ပန်းအမျိုးအစားတွေကို အဓိကထား ပြသမှာပါ၊ ဒီဇင်ဘာလ သိပ်အေးတဲ့ကာလမှာ ပန်းမျိုးစေ့ အများကြီး ရွေးချယ်စရာမရှိဘူး၊ ဒီနှစ်ထဲ ပြသမည် ပန်းပွဲတော်အတွက် ပန်းအစစ် (၁)သိန်း (၉)သောင်းခန့် ပျိုးထားပါတယ် '' ဟု အမျိုးသားကန်တော်ကြီး ဥယျာဉ် စီမံကိန်း ဒါရိုက်တာ ဦးဝေမျိုးအောင်က ပြောသည်။

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် နှစ်စဉ် ကျင်းပလျက်ရှိသော ပန်းပွဲတော်ကို တစ်နှစ်ထက် တစ်နှစ် မတူအောင် ခင်းကျင်း ပြသလျက်ရှိပြီး ယခင်နှစ်က ပန်းအစစ် (၇၀)ရာခိုင်နှုန်း၊ ပန်းအတု (၃၀)ရာခိုင်နှုန်း ခင်းကျင်းပြသခဲ့ရာ ယခုနှစ်တွင် ပန်းအစစ် ပိုမိုပြသနိုင်ရန် စီစဉ်လျက်ရှိသည်။

'' ပန်းပွဲတော်ကို တစ်နှစ်ထက် တစ်နှစ် ပန်းအစစ်တွေ များများ ပါ၀င်ပြသနိုင်ဖို့ ကြိုးစားနေပါတယ်၊ ပန်းပွဲတော် လာကြည့်သူတွေက အတုတွေ များတယ် ပြောကြတယ်။ ရုပ်လုံး ရုပ်ကြွ ဖန်တီးတဲ့ နေရာမှာ အတုက မပါလို့ မဖြစ်ပြန်ဘူး၊ အတုကြမှ ကိုယ်လိုချင်တဲ့ ကာလာအစုံရတာပါ၊ ဒီနှစ်မှာ ပန်းအစစ် ပိုပြီး ခင်းကျင်းပြသနိုင်ဖို့ စီစဉ်နေပါတယ် '' ဟု အမျိုးသားကန်တော်ကြီးဥယျာဉ် စီမံကိန်း ဒါရိုက်တာ ဦးဝေမျိုးအောင်က ပြောသည်။

(၁၂)ကြိမ်မြောက် ပြင်ဦးလွင် ပန်းပွဲတော်တွင် ပန်းများဖြင့် ပုံဖော်ထားသော ရုပ်လုံးရုပ်ကြွ (၇)ခု ထည့်သွင်းပြသသွားမည်ဖြစ်ပြီး ပန်းပွဲတော်ကို (၂၀၁၇)ခုနှစ် ဒီဇင်ဘာ(၁၆)ရက် မှ (၃၁)ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly