ဆောင်းရာသီမှာနှုတ်ခမ်းကွဲတာကို ဘယ်လိုရင်ဆိုင်မလဲ

ဆောင်းရာသီမှာနှုတ်ခမ်းကွဲတာကို ဘယ်လိုရင်ဆိုင်မလဲ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အနောက်မြောက် မုတ်သုံလေတိုက်ခတ်မှုနဲ့အတူ အေးမြ လန်းဆန်းမှုတွေနဲ့ ဆောင်းရာသီက နှုတ်ဆက်လိုက်တဲ့ အထိအတွေ့က နွေရာသီရဲ့ ပူပြင်းမှုတွေကို လျော့ကျစေနိုင်တာကြောင့် လူတွေက ဆောင်းရာသီရောက်ဖို့ကို အမြဲမျှော်လင့် နေတတ်ပါတယ်။ ဆောင်းရာသီက ကောင်းတဲ့အချက်တွေ များပေမယ့် မကောင်းတဲ့ အချက်တစ်ချက်လည်းရှိနေပါတယ်။ ထိုအချက်က ဆောင်းရာသီမှာ အရေပြားခြောက်သွေ့တာ၊ နှုတ်ခမ်းကွဲတာလိုမျိုး ခြောက်သွေ့မှုကို ခံစားရတာပဲဖြစ်ပါတယ်။

နှုတ်ခမ်းခြောက်သွေ့တာက အရမ်းကိုနာကျင်ပါတယ်။ တစ်ခါတလေ နှုတ်ခမ်း ခြောက်သွေ့တဲ့ အခါ သွေးထွက်တာမျိုးတွေအထိ ဖြစ်ပေါ်နိုင်ပါတယ်။ တကယ်လို့သင့်အနေနဲ့ အဆိုပါ ပြဿနာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်ဆိုရင်တော့ အိမ်တွင်းသုံးပစ္စည်းလေးတွေကို အသုံးပြုပြီး နှုတ်ခမ်းခြောက်ပြီးကွဲတာကို “ ဘိုင့်ဘိုင့်” လို့သာနှုတ်ဆက်လိုက်ပါ။

နှုတ်ခမ်းကွဲရတဲ့အကြောင်းရင်းခံတွေက ဘာတွေများဖြစ်မလဲ

နှုတ်ခမ်းခြောက်သွေ့ကွဲအက်ကတဲ့ အကြောင်းအရင်းတွေ အမျိုးမျိုးရှိနိုင်ပါတယ်။ အဖြစ်များတဲ့အကြောင်းအရင်းတွေကတော့ –

  • ရာသီဥတုအကူးအပြောင်း
  • အသက်အရွယ်ကြီးရင့်လာမှုကလည်း နှုတ်ခမ်းခြောက်သွေ့ရခြင်းရဲ့ အဓိက အကြောင်းအရင်း တစ်ရပ်ပါ။
  • နှုတ်ခမ်းကိုက်တာကလည်း နှုတ်ခမ်းကိုသွေးထွက်စေပြီး ကွဲစေနိုင်ပါတယ်။
  • နှုတ်ခမ်းကို လျက်တာကလည်း အကျင့်ဆိုးတစ်ခုပါ။
  • နှုတ်ခမ်းကို လက်ချောင်းတွေနဲ့ကိုင်တွယ်ထိတွေ့တာက ပိုးတွေကို ကူးစက်စေနိုင်ပါတယ်။
  • ရေဓာတ်ခမ်းခြောက်ခြင်း
  • နှုတ်ခမ်းနီလိုမျိုး ဓာတုပစ္စည်းတွေအလွန်အကျွံသုံးစွဲခြင်း
  • အယ်လ်ကိုဟောပါဝင်မှုကြောင့် အရေပြားခြောက်သွေ့ခြင်း
  • တာရှည်ခံဓာတုဗေဒပစ္စည်းတွေပါဝင်နေတဲ့ ထုတ်ကုန်တွေ  အသုံးပြုခြင်း
  • နှုတ်ခမ်းနီမဖျက်ဘဲ ညအိပ်ခြင်း
  • အယ်လ်ကိုဟော၊ ရီတင်နို နဲ့ မန်သော်ပါတဲ့ နှုတ်ခမ်းဆိုးဆေးများ အသုံးပြုခြင်း

ဘယ်လိုကာကွယ်မလဲ

နှုတ်ခမ်းကို အစိုဓာတ်ပြည့်ဝအောင်ထားပေးဖို့လိုပါတယ်။ အပြင်သွားတဲ့အခါမျိုးမျာပြဲဖြစ်ဖြစ် အိမ်မှာနေရင်းဖြစ်ဖြစ် နှုတ်ခမ်းကို အစိုဓာတ်ပြည့်ဝနေအောင် ဂရုပြုပါ။ နေ့တိုင်း ရေဓာတ်လုံလောက်အောင် သောက်သုံးဖို့ကလည်း အရေးပါလှပါတယ်။ ဒီလိုမျိုးလုပ်ဆောင်ပေးခြင်းက နှုတ်ခမ်းကိုသာမက အရေပြားကိုပါ ရေဓာတ်ပြည့်ဝစေမှာ ဖြစ်ပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာ ဗီတာမင် ဘီ (Vitamine B) ပါဝင်မှုနည်းတာကလည်း နှုတ်ခမ်းခြောက်သွေ့ ကွဲအက်တာကို ဖြစ်စေနိုင်တာကြောင့် နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ အနီရောင်အသားတွေ၊ ကွေကာအုတ်၊ အဆီထုတ်နို့၊ ဆွစ်ချိစ်၊ ဥအမျိုးမျိုး၊ ပဲပြားတို့ကို ထည့်သွင်းစားသုံးပေးပြီး နှုတ်ခမ်းကို ကာကွယ်လိုက်ပါ။

နှုတ်ခမ်းသားလှပကျန်းမာအောင် ဒါတွေလုပ်ဆောင်ပေးပါ။

  • ဆေးလိပ်ဖြတ်လိုက်ပါ – ဆေးလိပ်သောက်တာက နှုတ်ခမ်းသားကိုထိခိုက်ပျက်စီးစေသလို အချိန်ကြာလာတာနဲပအမျှ နှုတ်ခမ်းသားအရောင်ကို ပျက်စီးစေနိုင်တာကြောင့် ဆေးလိပ်ဖြတ်လိုက်ပါ။
  • နှုတ်ခမ်းကို အမြဲအစိုဓာတ်ရနေစေဖို့ အစိုဓာတ်ထိန်းပေးတဲ့ နှုတ်ခမ်းဆိုးဆေးအသုံးပြုပါ။
  • ညအိပ်ရာမဝင်ခင် အစိုဓာတ်ထိန်းပေးတဲ့ နှုတ်ခမ်းဆိုးဆေးဆိုးပေးပါ။
  • နှုတ်ခမ်းကို တံတွေးစွတ်တဲ့အကျင့်ကိုဖျောက်ပါ။
  • တာရှည်ခံနှုတ်ခမ်းနီတွေမဆိုးပါနဲ့။

ဆောင်းရာသီအတွက် နှုတ်ခမ်းနီရွေးချယ်ဝယ်ယူမယ်ဆိုရင်တော့ အစိုဓာတ်ထိန်းပေးနိုင်စွမ်းမြင့်မားတဲ့ နှုတ်ခမ်းဆိုးဆေးကိုရွေးချယ်ပါ။

သင်ရွေးချယ်တဲ့ နှုတ်ခမ်းဆိုးဆေးက ရေရှည်မှာအကျိုးသက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။ ပိုပြီးအကျိုးသက်ရောက်စေချင်ရင်တော့ SPF ပါတဲ့ နှုတ်ခမ်းဆိုးဆေးမျိုးကိုရွေးချယ်ဝယ်ပေးပါ။ နှုတ်ခမ်းဆိုးဆေးဝယ်ယူတဲ့အခါ အောက်မှာပြထားတဲ့ အရာတွေပါတာကိုရွေးချယ်ဝယ်ယူတာက အကောင်းဆုံးပါပဲ။

Shea Butter – Shea butter က သဘာဝနေလောင်ကာဆေးတစ်မျိုးဖြစ်ပြီး အနာကျက်စေနိုင်စွမ်းရှိပါတယ်။ နှုတ်ခမ်းသားကို ချောမွေ့စေပါတယ်။

ရှားစောင်းလက်ပတ် – ရှားစောင်းလက်ပတ်က ရောင်ရမ်းမှုကို သက်သာစေပြီး ဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့် အရေပြားကို ပိုးကူးစက်တာတွေကို ကာကွယ်ပေးပြီး နှုတ်ခမ်းသားကိုချောမွေ့စေနိုင်သလို အစိုဓာတ်လည်းထိန်းပေးပါတယ်။

အလှဆီ –  အရေပြားကိုချောမွေ့စေပြီး အစိုဓာတ်ထိန်းပေးတဲ့ သဘာဝပစ္စည်းတစ်မျိုးပါ။

ဂျိုဂျိုးဘားဆီ – အရေပြားအတွက် အကောင်းဆုံးအာဟာရဖြည့်ပေးပါတယ်။။ အရေပြားကို ချောမွေ့နူးညံ့စေပါတယ်။

ဗီတာမင် အီး – ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ရပ်ဖြစ်သလို အရေပြားကိုလည်း အစိုဓာတ်ထိန်းပေးပါတယ်။ နှုတ်ခမ်းကိုလည်းနေရောင်ဒဏ်ကနေကာကွယ်ပေးနိုင်ပါတယ်။

အုန်းဆီ – အရေပြားခြောက်သွေ့ယားယံတာကို သက်သာစေပါတယ်။ နှုတ်ခမ်းသားကိုနူးညံ့စေပြီး အစိုဓာတ်ထိန်းပေးပါတယ်။

ပျားဖယောင်း – အရေပြားကို အာဟာရဓာတ်ဖြည့်ပေးပါ။ ရောင်ရမ်းမှုကိုလျော့ကျစေနိုင်သလို ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်တာကြောင့် အရေပြားမထိခိုက်အောင်လုပ်ဆောင်ပေးပါတယ်။

ဗီတာမင် အေ နဲ့ ဗီတာမင် ဒီ – ဒီဗီတာမင်တွေမှာ fatty acid ပါဝင်နေတာကြောင့် အရေပြားကလိုအပ်တဲ့ အာဟာရဓာတ်တွေကို အလွယ်တကူစုပ်ယူနိုင်စေပါတယ်။ အရေပြားကို ချောမွေ့စေပြီး အနာကျက်မြန်စေပါတယ်။

နှုတ်ခမ်းကွဲတာကို အိမ်သုံးပစ္စည်းတွေနဲ့ သက်သာအောင်လုပ်ဆောင်မယ်

မိမိအိမ်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေကို အသုံးပြုပြီး နှုတ်ခမ်းကွဲတာကို သက်သာအောင်လုပ်ဆောင်လို့ရပါတယ်။ နှုတ်ခမ်းကို အစိုဓာတ်ထိန်းပေးခြင်းက နှုတ်ခမ်းသားကို ခြောက်သွေ့ကွဲအက်တာတွေကနေကာကွယ်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းတစ်ရပ်ပါ။ နှုတ်ခမ်းအစိုဓာတ်ထိန်းပေးနိုင်မယ့် အိမ်သုံးပစ္စည်းလေးအချို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

ပျားရည် – ပျားရည်က နှုတ်ခမ်းအစိုဓာတ်ကိုထိန်းပေးနိုင်တဲ့ အကောင်းဆုံးသော အစိုဓာတ်ထိန်းပစ္စည်းပါ။ ညအိပ်တဲ့အခါ နှုတ်ခမ်းမှာ ပျားရည်လူပြီး အိပ်ပေးပါ။ နှုတ်ခမ်းကိုနေရောင်ကြောင့် ညိုမဲမှုကနေသက်သာစေပြီး သန့်ရှင်းစေမှာဖြစ်ပါတယ်။

လက်ဖက်စိမ်းရေနွေးအိတ်လေးတွေ – အသုံးပြုပြီးသား လက်ဖက်စိမ်းရေနွေးအိတ်လေးကို နှုတ်ခမ်းပေါ်မှာ ၄ မိနစ်လောက်ဖိကပ်ပေးပါ။ နေပတိုင်းလုပ်ပေးမယ်ဆိုရင် နှုတ်ခမ်းခြောက်သွေ့ ကွအြက်တာကို သက်သာစေမှာဖြစ်ပါတယ်။

သံပုရာရည် – နို့လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သံပုရာရည် ၃ စက်နဲ့ရောပြီး ရေခဲသေတ္တာထဲမှာ တစ်နာရီလောက်ထားပေးပါ။  မအိပ်ခင် နှုတ်ခမ်းမှာ အဆိုပါရောစပ်ထားတဲ့အရည်ကိုလူးပေးပါ။ နှုတ်ခမ်းသားကို တင်းရင်းပြည့်ဖြိုးစေမှာဖြစ်ပါတယ်။

ဂျိုဂျိုးဘားဆီ –  နှုတ်ခမ်းကွဲတာကို သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ နှုတ်ခမ်းကွဲတဲ့နေရာမှာ လူဒပေးမယ်ဆိုရင် နှုျတ်ခမ်းကွဲတာကို သက်သာစေမှာဖြစ်သလို နှုတ်ခမ်းကိုလည်း ရေဓာတ်ပြည့်ဝစေမှာဖြစ်ပါတယ်။

သခွားသီး – နှုတ်ခမ်းကို အခွံနွှာထားတဲ့ သခွားသီးနဲ့ပွတ်ပေးပါ။ သခွားသီးအရည်ကို နှုတ်ခမ်းမှာစွတ်ပေးပြီး မိနစ် ၂၀ လောက်ထားပေးပါ။ ပြီးတဲ့နောက် ရေနဲ့ဆေးချလိုက်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly