အသက်အန္တရာယ်ခြိမ်းခြောက်မှုကြောင့် ရာထူးမှုနှုတ်ထွက်ခဲ့ရကြောင်း လက်ဘနွန်ဝန်ကြီးချုပ်ပြောဆို

အသက်အန္တရာယ်ခြိမ်းခြောက်မှုကြောင့် ရာထူးမှုနှုတ်ထွက်ခဲ့ရကြောင်း လက်ဘနွန်ဝန်ကြီးချုပ်ပြောဆို

ဘေရွတ်၊ လက်ဘနွန်၊ နိုဝင်ဘာ ၅ ။            ။ လက်ဘနွန်ဝန်ကြီးချုပ် ဆက်ဒ်ဟာရီရီက သူသည် ရာထူးမှ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း စနေနေ့၌ ကြေညာခဲ့ ပြီး အီရန်အစိုးရ၏ လက်ဘနွန်နိုင်ငံအပေါ် ချုပ်ကိုင်ထားပုံနှင့် သူ၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတို့ အကြောင်းကို ပြောဆိုခဲ့သည်။

“၀န်ကြီးချုပ်ရာထူးကနေ ကျုပ်နှုတ်ထွက်လိုက်ပြီလို့ တရားဝင်ကြေညာပါတယ်” ဟုဆိုသော သူ၏ကြေညာ ချက်ကို ဆော်ဒီအာရေဗျမှ အယ်လ်အာရပ်ဘီယာ သတင်းအေဂျင်စီက ထုတ်လွှင့်ခဲ့သည်။

“ကျုပ်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ပြီး ခိုးကြောင်ခိုးဝှက်နဲ့ လျှို့ဝှက်ပူးပေါင်းလုပ်ကြံဖို့ စီစဉ်နေကြတယ် လို့ ကျုပ်ခံစားရပါတယ်” ဟု ဟာရီရီက ပြောခဲ့သည်။

၀န်ကြီးချုပ်ရာထူးကို နှစ်ကြိမ်ခန့်တာဝန်ယူထားသော ဟာရီရီက အီရန်အစိုးနှင့် ၄င်းတို့၏ အင်အားကြီးမားသော လက်ဘနွန်ရှီးအိုက် မဟာမိတ်များဖြစ်ကြသည့် ဟစ်ဇ်ဘိုလာအဖွဲ့တို့သည် ဒေသတွင်း၌ သြဇာလွှမ်းမိုးနိုင်ရန် ကြိုးပမ်းနေကြကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ ဟာရီရီ၏ ဖခင်သည်လည်း လက်ဘနွန်ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး လွန်ခဲ့သော ၂၀၀၅ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

“ဒေသတွင်းမှာရှိတဲ့ နိုင်ငံများရဲ့အနာဂတ်ကို အီရန်အစိုးရဟာ ထိန်းချုပ်နိုင်ဖို့ကြိုးစားနေပါတယ်။ ဟစ်ဇ်ဘိုလာ အဖွဲ့ဟာ လက်ဘနွန်နိုင်ငံမှာသာမက အခြားသောအာရပ်နိုင်ငံများအတွက် အီရန်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်ပါတယ်” ဟု သူက ပြောခဲ့သည်။

ဆက်လက်ပြီး “မကြာသေးခင်နှစ်များအတွင်းမှာ ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ၄င်းတို့ရဲ့လက်နက်အင်အားကို အသုံးချ ပြီး လက်လွန်ပြီးသားကိစ္စတွေကို အခွင့်အရေးယူပြီး စည်းကြပ်ပြဌာန်းဖို့ လုပ်ဆောင်နေပါတယ်” ဟု ပြောဆို၍ ဟာရီရီက သူ၏မိန့်ခွန်းကို ဖတ်ကြားခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့သည် ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်၏ အရေးပါသော မဟာမိတ် အဖွဲ့ဖြစ်ပြီး ဆီးရီးယားအစိုးရသည် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့ကို တိုက်ခိုက်ရာနှင့် အတိုက်အခံအဖွဲ့တို့၏ လှုပ်ရှား မှုများကိုထောက်လှမ်းရာ၌ ယင်းအဖွဲ့ကို အသုံးချလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly