WLC မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ချန်ပီယံဆုကို ရရှိသွားတဲ့ တူးတူးနဲ့ ဒေ့ဗ်ကို စိန်ခေါ်လိုက်တဲ့ စောငမန်း

WLC မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ချန်ပီယံဆုကို ရရှိသွားတဲ့ တူးတူးနဲ့ ဒေ့ဗ်ကို စိန်ခေါ်လိုက်တဲ့ စောငမန်း

နိုဝင်ဘာ ၄၊ ရန်ကုန် ။           ။ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံလုပွဲ(WLC 3) မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ချန်ပီယံလုပွဲမှာ တူးတူး(မြန်မာ)က မိုက်ကယ်ဘာဒါတို(သြစတြေးလျ)ကို အမှတ်နဲ့အနိုင်ရပြီး ပထမဆုံးရွှေခါးပတ်ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။

တူးတူးနဲ့ဘာဒါတိုတို့ဟာ ပထမအချီစလွှတ်လိုက်ကတည်းက သူထိုးကိုယ်ထိုး တိုက်စစ်ဖွင့်ရင်း ထိုးသတ်ခဲ့ကြတာကြောင့် ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ရပါတယ်။ တူးတူးက လက်သီးထိုးချက်နဲ့အောက်ပိုင်း ကန်ချက်တွေကို အားပြုထိုးသတ်ခဲ့ပြီး ဘာဒါတိုကတော့ တံတောင်ရိုက်ချက်နဲ့ပွဲသိမ်းနိုင်ဖို့ ကြိုးစားတာတွေ့ခဲ့ရပါတယ်။ ဘာဒါတိုဟာ အောက်ပိုင်း ကန်ချက်တွေကိုလည်း အသုံးပြုခဲ့ပါတယ်။

တူးတူးရဲ့လက်သီးချက်တွေကြောင့် ဘာဒါတိုအထိနာခဲ့သလို ဘာဒါတိုရဲ့ တိုက်စစ်ဖွင့်ထိုးသတ်မှု တွေကြောင့် တူးတူးလည်း ပွဲအပြီးမှာ မျက်လုံးတစ်ဖက်ပိတ်သွားခဲ့ရပါတယ်။ ငါးချီပြည့်ချိန်အထိ အလဲမထိုးနိုင်လို့ အမှတ်နဲ့ဆုံးဖြတ်ခဲ့ရာမှာတော့ လက်သီးထိုးချက်တွေပိုကောင်းခဲ့တဲ့ တူးတူးက အနိုင်ရရှိသွားခဲ့ပါတယ်။

ဘာဒါတိုကို အနိုင်ရပြီးနောက်မှာတော့ တူးတူးက "ဒီရွှေခါးပတ်ကို ရရှိခဲ့လို့ အရမ်းဝမ်းသာပါတယ်။ ကျွန်တော်ရှုံးရင် ပရိသတ်တွေရော မြန်မာနိုင်ငံပါရှုံးသလို ဖြစ်သွားမှာပါ။ နိုင်ငံခြားသားလက်ထဲ ခါးပတ်မပါသွားအောင်လုပ်နိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်။ ကျွန်တော်ဒီဆုအတွက် သွေးနဲ့ချွေးနဲ့ရင်းပြီး ကြိုးစားခဲ့တာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။

WLC 3 ပြိုင်ပွဲရဲ့ အထူးစိန်ခေါ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စောငမန်း(မြန်မာ)နဲ့အက်ဒီဖာရယ်(သြစတြေးလျ)တို့ရဲ့ ပွဲစဉ်မှာလည်း စောငမန်းက အမှတ်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ အက်ဒီဖာရယ်ကို အနိုင်ရပြီးနောက်မှာတော့ စောငမန်းက ထွန်းထွန်းမင်းနဲ့တူးတူးတို့ကို အသာစီးနဲ့ထိုးသတ်ထားတဲ့ ဒေ့ဗ်လက်ဒက်စ်ကို စိန်ခေါ်သွားခဲ့ပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ စိုးလင်းဦး(မြန်မာ)နဲ့အူမာဆီမာတာ(ယုဂန္ဓာ)တို့ရဲ့ပွဲစဉ်မှာတော့ စိုးလင်းဦးက ဒုတိယအချီမှာ အလဲထိုးနဲ့အနိုင်ရခဲ့ပါတယ်။

အခြားပွဲစဉ်တွေမှာတော့ ချစ်မောင်မောင်(တောင်ကလေး)က ဒိုးလေး(ရိုးရာပုံဂံ)ကို အမှတ်နဲ့လည်းကောင်း၊ မိုက်ရိုင်း(ရွှေဖူး)က ဖကျော်ဟဲ(မြဝတီ)ကို ဒုတိယအချီတွင် အလဲထိုးဖြင့် လည်းကောင်း၊ ဖိုးလပြည့်(မြန်မာ)က ရင်ဆာရိုက်(ကမ္ဘောဒီးယား)ကို ပထမအချီတွင် အလဲထိုးဖြင့် လည်းကောင်း၊ သွေးသစ်ဝင်းလှိုင်(Adventure)က ရှမ်းကို(၀င်းထွန်း)ကို ပထမအချီတွင် အလဲတိုးဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြပါတယ်။

ဒီနေ့ပွဲမှာ နိုင်ငံခြားသားနှစ်ဦးကို ပွဲတည်ပေးထားတဲ့ အာသာဆာလာဒိုက်(ပိုလန်)နဲ့ ဘာဘလီယာ(ရိုမေးနီးယား)တို့ရဲ့ ပွဲစဉ်မှာတော့ အာသာဆာလာဒိုက်က အမှတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags