အရိုးရောဂါအကြောင်း မေးခွန်းတွေ ရှိနေပြီလား (အပိုင်း ၃)

အရိုးရောဂါအကြောင်း မေးခွန်းတွေ ရှိနေပြီလား (အပိုင်း ၃)

ရန်ကုန် ဆေးတက္ကသိုလ် (၂) အရိုးရောဂါဌာန၊ ပါမောက္ခ ဒေါက်တာ ဦးမြတ်လွင်နှင့် တွေ့ဆုံခြင်း အပိုင်း(၃)

မေး။   ။ အရိုးတီဘီလို့ပြောရင် သာမာန် တီဘီနဲ့ ဆက်စပ်နေလားဆရာကြီး။ ဘယ်လိုမျိုးလဲ။

ဖြေ။    ။ တီဘီကအများစုကတော့ အဆုပ်မှာဖြစ်တာများတဲ့ တီဘီပေါ့။ ဆက်စပ်မှုရှိတယ်။ ဆက်စပ်မှုရှိတယ်ဆိုတာကငယ်ငယ်တုန်းကအဆုတ်မှာဖြစ်တဲ့ တီဘီက ကျွန်တော်တို့တိုင်းပြည်မှာကအဖြစ်များတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခဏခဏချောင်းဆိုးတာကိုး။ ဒါပေမယ့် အသက်ကြီးလာတဲ့အခါ ကိုယ်ခံအားကောင်းလာတဲ့အခါ ပျောက်သွားတယ်။ ပျောက်သွားပေမယ့် တီဘီပိုးက ခန္ဓာကိုယ်ထဲမှာရှိနေတယ်။ တစ်ချိန်ကျလို့ ကျန်းမာရေးမကောင်းတဲ့အခါ ကိုယ်ခံအားနည်းသွားတာဒါမှမဟုတ်လို့ အခုလိုမျိုးခေတ်ထဲမှာ AIDS လိုမျိုး ဖြစ်တာ၊ ရင်ကျပ်တာတွေဖြစ်လို့ ဆေးတွေသောက်လို့ ကိုယ်ခံအားနည်းတာ၊ ဆီးချိုရောဂါ ရှိတဲ့အတွက်ကြောင့် ကိုယ်ခံအားနည်းတာ၊အဲလိုလူမျိုးတွေကျတော့ တီဘီပိုးကလူထဲမှာရှိပြီး ငြိမ်နေပြီးအားပြန်ကောင်းလာတဲ့အချိန်မှာ မြန်မာပြည်မှာကတော့ ခါးအရိုးမှာအဖြစ်များပါတယ်။ တစ်ကမ္ဘာလုံးမှာလည်းဒီအတိုင်းပါပဲ။ အရိုးအရှည်တွေမှာ ဖြစ်တော့ဖြစ်တယ်။ဒီလောက်မများဘူးပေါ့။ ခါးအရိုးမှာအဖြစ်များတယ်။ အဲဒီလိုမျိုးဆက်စပ်မှုရှိတယ်။ ဒါပေမယ့် အဲဒီအချိန်မှာတော့ အဆုတ်မှာတီဘီမရှိဘူး။ ငယ်ငယ်တုန်းကတော့ သူ့ကိုယ်ထဲကိုတီဘီပိုးကဝင်ခဲ့မယ် ၊ ဝင်ရင်တော့ အဆုတ်ကပဲဝင်တာပါ။ ဝင်ဖို့ အဓိက နှစ်မျိုးရှိတယ်။ အဆုတ်ကဝင်နိုင်တယ်၊ အူကနေတစ်ဆင့် နွားနို့သောက်ပြီးတော့ ဝင်နိုင်တယ်။ ကျွန်တော်တို့ဆီမှာက နွားနို့သိပ်မသောက်တော့ ဒီပြဿနာကမရှိဘူးထင်တယ်။

မေး။   ။ ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ မဇ္ဈိမပရိသတ်များကိုအလှည့်ပြန်ပေးပါမယ်။ AntyHtayဆိုတဲ့တစ်ယောက်ကမေးထားတာပါ။ အသက်က ရ၀ ရှိပါပြီဓာတ်မှန်ရိုက်ကြည့်လိုက်တော့ ခါးရိုးကျိုးတာတဲ့ အဆစ်ကလည်းဟနေပါတယ်တဲ့။ ကျီးပေါင်းလည်းတက်နေပါတယ်  ၊အခုဗိုက်ထဲကအောင့်နေပါတယ်ဆရာတဲ့။

ဖြေ။    ။ ဒါကလည်းခုနကပြောသလိုပါပဲဒီအချက်အလက်လောက်လေးနဲ့တော့ ပြောရတာတော့ ခက်တယ်လေ။ အသက် ရ၀ ဆိုတော့ ဖြစ်နိုင်တာကအရိုးပွရောဂါပေါ့နော်။ အရိုးပွရောဂါဆိုရင်တော့ ဒါက ကျွန်တော်တို့ အထူးကုဆရာဝန်တွေတောင်မှ မှားတတ်ပါတယ်။ ခါးနာတယ်ဆိုပြီးတော့ ခဲဆွဲတယ် ၊ တကယ်ကခါးနာတာမဟုတ်ဘူး။ ကျွန်တေ်ာတို့ ဒီမှာခါးနာတယ်လို့ပြောရင် အဆစ်ကျွံတာပေါ့နော်။ ကျွန်တော် အတွေ့အကြံုတစ်ခုပေါ့နော်။ သူကအရိုးဆရာဝန်တစ်ယောက်နဲ့ပြတယ်။ ခါးနာတယ်ဆိုပြီးတော့ ခဲဆွဲတယ်။ လူနာကမသက်သာဘူး။ အဲဒါနဲ့ ရန်ကုန်မှာလာပြတယ်။ ကျွန်တော်ကသေသေချာချာမေးလိုက်တယ်၊ ကျွန်တေ်ာမေးတာအဓိကကအိပ်နေတဲ့အချိန်ကနေပြီးတော့ ထရင် နာသလား၊ နောက်ပြီးတော့ ညဘက် အိပ်ရာဝင်တော့မယ်ဆိုရင် တုံးလုံးလှဲရမှာကြောက်တယ်။ အဲဒါကျတော့ လူနာကသိပ်မှန်တယ်ဆရာတဲ့။ မနက် အိပ်ရာထပြီးရင် ပြန်ပြီးတော့ကိုမလှဲရဲဘူး၊ တစ်နေ့လုံးမတ်တတ်နေရတယ်၊ဒါမှမဟုတ်ရင် ထိုင်နေရတယ်။ လှဲရင် နာတယ်တဲ့။ အဲဒီလိုမျိုး Position ပြောင်းတဲ့အချိန်မှာ၊အနေအထားပြောင်းတဲ့အချိ်န်မှာနာတာဆိုရင် အရိုးပွတာပါ။ အရိုးပွတာအတွက်ကအခုဆေးတွေရှိနေပါပြီ။ ဆေးတွေကိုတော့ ဒီမှာအလွယ်တကူမညွှန်ပေးသင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။

မေး။   ။ ကျေးဇူးတင်ပါတယ်ဆရာကြီး၊နောက်တစ်ယောက်ကတော့ မအေးသန္တာကမေးထားတာပါ။ ကျွန်မအခုတလောအရိုးတွေကိုက်နေပါတယ်တဲ့။ အရင်ကခါးအောက်ပိုင်းနာတယ် ၊တစ်ကိုယ်လုံးပါပဲတဲ့ ၊ စစ်ကြည့်တဲ့အခါ ရောဂါကမပေါ်ဘူးတဲ့။ ဆရာကြီးအနေနဲ့ ပြောပြပေးလို့ရမလားတဲ့။ မီးညောင်ရိုးတော့ ကျိုးထားပါတယ်တဲ့ ၊ ဒါပေမယ့် ပြန်ဆက်နေပါပြီတဲ့ အခုထိတော့ ကိုက်နေတုန်းပဲ ပြီးတော့ အရိုးတွေကလည်းလမ်းများများလျှောက်လို့မရဘူးတဲ့။ နည်းလမ်းလေးရှိရင် အကြံလေးပေးပါဦးတဲ့။

ဖြေ။    ။ အသက်ကိုလည်းမသိရဘူး။ နောက်တစ်ခုကသူဘာအလုပ်လုပ်တယ်ဆိုတာကိုလည်း ကျွန်တော် မသိရဘူး။ ဥပမာလေးတစ်ခုနဲ့ ကျွန်တော် ဖြေပေးမယ်။ ကောင်မလေးတစ်ယောက် ကျွန်တော်ဆီကိုလာပြတယ်။ သူကအဲဒီလိုပဲတစ်ကိုယ်လုံးနာတယ်ပေါ့လေ။ ဘာအကြောင်းမှလည်းမရှိဘူး။ သူ့ကြည့်တော့လည်းအကောင်းပဲ။ အဲဒါနဲ့ ကျွန်တော်ကသူဘာလုပ်သလဲဆိုတာကိုမေးလိုက်တယ်။ မေးလိုက်တဲ့အခါမှာသူကဆေးဆိုင်တစ်ဆိုင်မှာဘောက်ချာဖွင့်ရတဲ့ စာရေးလုပ်တယ်။ သူ့ဆေးဆိုင်ကလည်းတအားရောင်းရတယ်။ မနက်မိုးလင်းကနေညနေအထိမတ်တတ်ရပ်ပြီးတော့ ဘောက်ချာဖွင့်ရတယ်။ အဲဒီတော့ ပြဿနာကဒါပဲလို့ တစ်နေကုန် မတ်တတ်ရပ်တယ်။ မနက်အစောကြီးထတယ်။ ဆေးဆိုင်ရောက်တယ် ညနေမိုးချုပ်မှပြန်တယ်။ အိမ်ပြန်ရောက်တော့ ထမင်းစားပြီးအိပ်တယ် လှုပ်ရှားမှုမရှိဘူး။ အဲဒီတော့ ဒါကိုပြင်ရမယ်။ ကြာကြာထိုင်ဖို့အတွက် လိုအပ်ရင် ခုံအမြင့်ကိုဆိုင်ပိုင်ရှင်ကိုဝယ်ခိုင်းနောက်တစ်ခုကအချိန် ၊ လူဆိုတာတောက်လျှောက်ကြီး ကြာရှည်လုပ်လာတဲ့အခါကျတော့ သူ့ကိုအဲဒီတုန်းကဆရာသေသေချာချာမေးတာကဒီအလုပ်လုပ်တာဘယ်လောက်ကြာပြီလဲဆိုတော့ သူလုပ်တာလေးငါးနှစ်ရှိပြီ၊ ဒီလိုဖြစ်လာတာကတစ်နှစ်ရှိပြီအဲဒီတော့ ကြာလာတဲ့အခါမှာဒီခန္ဓာကိုယ်ကဒီဒဏ်တွေကိုခံနေရတဲ့သဘောပေါ့။ ဒါကိုသူကနားမလည်ဘူးအဲဒါကိုဆေးသွားကုရင်လည်းဘာရောဂါမှ ရှာတွေ့မှာမဟုတ်ဘူး။ အခုလည်းဒီလို ဖြစ်ချင်ဖြစ်နေမှာပေါ့နော်။ အဲဒီတော့ စောစောကပြောသလိုပဲအိပ်ချိန်စားချိန် မှန်ဖို့လိုတယ်။ လေ့ကျင့်ခန်းလှုပ်ရှားမှုတစ်ခုခုရှိဖို့လိုတယ်။ ဒါဆိုရင် များသောအားဖြင့် လူကကျန်းမာပါတယ်။

မေး။   ။ ဟုတ်ကဲ့ပါ နောက်တစ်ခုကိုတစ်ဆက်တည်းပဲမေးချင်တာကခုနကဆရာကြီးပြောသွားတဲ့ ဥပမာဟာဆိုရင် မတ်တတ်ရပ်နေတဲ့သူပေါ့။ ကျွန်တော်တို့ဆိုရင်တော့ ထိုင်နေရတာဆိုတော့ ထိုင်နေရတဲ့သူတွေအတွက်ကျတော့ရောအဲဒီလူတွေမှာရော ပြဿနာရှိလား။

ဖြေ။    ။ ရှိပါတယ်။ ခါးနာတာနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် ကျွန်တော်သူငယ်ချင်းတစ်ယောက်ဆိုရင် တရားသွားထိုင်တယ် ၊ တရားထိုင်တယ်ဆိုတာကတစ်နာရီထိုင်ပြီးရင် တစ်နာရီနားတာဆိုတော့ တစ်နေ့ကို ၈ နာရီလောက်ထိုင်ရတယ်။ ၁၅ ရက်လောက် သွားထိုင်တဲ့အခါကျတော့ ခြေမကကော့လို့မရတော့ဘူး။ ခါးကြောညပ်သွားတယ်။ သူကနဂိုကတည်းကခါးကြောညပ်ထားတယ် ။ အဲဒီခြေထောက်ကကျင်နေတယ် တရားသွားထိုင်တဲ့အချိန်မှာခြေမကကုပ်လို့မရတော့ဘူး။ အဲဒီတော့ ဘာကြောင့်လဲဆိုတော့ လူကထိုင်နေတဲ့အချိန်မှာစောစောကပြောသလိုဖိအားကပုံမှန်ထက် လေးငါးဆများတယ်။ အချိန်အကြာကြီးထိုင်တဲ့အခါကျတော့ ခါးကနာတာပေါ့။ အခုလိုအထိုင် များနေတဲ့သူမျိုးကိုကျတော့ အကြံပေးချင်တာကစားပွဲအမြင့်နဲ့ ကိုုယ်ထိုင်တဲ့ခုံနဲ့ အရပ်အမြင့်နဲ့ အနေတော်ဖြစ်ရမယ်။ ဥပမာအားဖြင့်ဆိုရင် ထိုင်လိုက်တဲ့အခါမှာဒူးက ၉၀ ဒီဂရီရှိရမယ်။ လက်ကိုစားပွဲပေါ်ကိုတင်ထားတဲ့အခါမှာလည်းတအားမြင့်လို့လည်းမရဘူးနိမ့်လို့လည်းမရဘူး။ ကိုယ်နဲ့ သင့်တော်တဲ့အနေအထားနဲ့ ထိုင်ပြီးတော့ အလုပ်လုပ်သင့်ပါတယ်။ လုပ်တဲ့အခါမှာတစ်နာရီတစ်နာရီခွဲလုပ်ပြီးရင် ၁၀ မိနစ် ၁၅ မိနစ်လောက် လမ်းလျှောက်သင့်တယ်။ ဆက်တိုက်ကြီးအလုပ်မလုပ်သင့်ပါဘူး။

မေး။   ။ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်ဆရာကြီး။ နောက်တစ်ခုကတော့ ခုနကဆရာကြီးပြောသွားတဲ့အထဲမှာပါသွားပါပြီTheinTheinဆိုတဲ့သူတစ်ယောက်ကမေးလာတာပါ။ အိပ်ယာထရင် ဘယ်ဘက်လက်ဆစ်တွေ နာနေပါတယ် ၊ ညဘက်ကတော့ မနာပါဘူး။ တဖြည်းဖြည်းအနာသက်သာလာပါတယ်။ လုံးဝမပျောက်ဘူး။ ဖြစ်တာ ၂ လလောက်ရှိပါပြီတဲ့။ အဲဒါ ဂေါက်ရောဂါများ ဖြစ်နေသလားဆိုတာသိချင်ပါတယ်တဲ့။ ဖြေပေးပါဦးတဲ့။

ဖြေ။    ။ ဂေါက်ရောဂါဆိုတာကရိုးတွင်းအက်ဆစ် များတာပေါ့နော်။ အမျိုးသမီးတွေမှာလည်းဖြစ်တယ် အမျိုးသားတွေမှာလည်းဖြစ်တယ်။ အမျိုးသားတွေမှာတော့ အဖြစ်များပါတယ်။ အခုသူပြောသလောက်ကို ကျွန်တော်နားလည်သလောက်ကလက်ဆစ်တွေနာနေတယ်ဆိုတာမနက်ဖက်နာတယ် နှစ်ဖက်စလုံးနာတယ် အချိန်အတိုင်းအတာတစ်ခုထိ ကြာတယ် ၊ နောက်ပြီးတော့ ဖြစ်နေတာလည်းနည်းနည်းကြာသွားပြီဆိုတော့ အဲဒါဆိုရင်တော့ နားလည်တက်ကျွမ်းတဲ့ ဆရာဝန်တစ်ယောက်နဲ့ ပြကြည့်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သွေးလေးဘက်နာတို့ကအဲဒီကနေစတာပါ။ အဲဒီလိုမှမဟုတ်ဘူးဆိုရင်လည်းခုနက ကျွန်တော်ပြောတဲ့ ဥပမာလိုပေါ့ ကိုယ်ဘာတွေ လုပ်သလဲပေါ့။ တချို့ကျတော့ လေ့ကျင့်ခန်းတွေလုပ်တယ် လှုပ်ရှားမှုတွေများတယ် တစ်နေ့ကိုနာရီပေါင်းများစွာလက်ကလှုပ်ရှားတယ်ဆိုရင်လည်းညဘက်ကျတော့ နာမှာပေါ့။ အဲဒီလိုမျိုးလည်း ဖြစ်နိုင်ပါတယ်။

မေး။   ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျွန်တေ်ာတို့ ဆွေးနွေးသွားတဲ့အထဲမှာအရိုးတီဘီ ၊အရိုးကင်ဆာနောက်ပြီးတော့ အရိုးကျီးပေါင်းခါးနာ၊ ဒူးနာနဲ့ ပတ်သက်တာတွေကိုဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ အဲဒီတော့ နောက်တစ်ခု ကျွန်တော် ထပ်မေးချင်တာက ကျွန်တော်ကြားဖူးတာပေါ့နော်။ အရိုးပျော့ရောဂါဆိုတာကိုလည်း ကျွန်တော ကြားဖူးပါတယ်။ အဲဒါရောရှိလားဆရာကြီး။

ဖြေ။    ။ အရိုးပျော့ရောဂါဆိုတာကများသောအားဖြင့်တော့ နည်းနည်း ရှုပ်နေမယ်ထင်တယ်။ အရိုးပျော့ဆိုတာကတော့ ငယ်ငယ်လေးကတည်းက ကျွန်တော်နားလည်တာကတော့ ပိုလီယိုပေါ့။ ပိုလီယိုဆိုတာကအရိုးပျော့တာမဟုတ်ပါဘူး။ ပိုလီယိုဗားရက် အင်ဖက်ရှင်ကြောင့် ဖြစ်တာပါ။ ကလေးအချိန်မှာဖြစ်တယ်။ အဲဒီအချိန်မှာအနားယူဖို့လိုတယ်။ ဒါပေမယ့် မသိလိုက်ဘူးမသိလိုက်တဲ့အချိန်မှာဆေးထိုးမိလိုက်တယ် ၊ ဆေးထိုးတယ်ဆိုတာကမလှုပ်ရှားရဘူး။ အဲဒီအချိန်မှာမလှုပ်ရှားဘဲနေလို့ရှိရင် Virus က သူ့အချိန်နဲ့ရှိတယ် ၊သက်တမ်းအတိုင်းအတာတစ်ခုမှာသူ့သက်တမ်းမရှိတော့ဘူးဆိုရင် ဘာမှမဖြစ်ဘူး။ ဒါပေမယ့် များသောအားဖြင့်ကတော့ ဆေးခန်းပြတယ် ၊ဆေးထိုးလိုက်တယ် ဆေးထိုးလိုက်ရင် အရိုးပျော့ဖြစ်တယ်ဆိုပြီးတော့ ပိုလီယိုကတော့ အခုနောက်ပိုင်းသိပ်မများတော့ဘူး။ မများတော့ဘူးဆိုတာကကာကွယ်ဆေးလည်းပေါတယ် ဆေးတွေလည်းသောက်တယ်လေဒါပေမယ့် တချို့နေရာတွေမှာနညး်နည်းပြန်ဖြစ်နေတယ်။ နောက်တစ်ခုအရိုးပျော့ရောဂါတစ်ခုက ကျွန်တော်ထင်တယ် အဲဒါကလည်းအစားအသောက်နဲ့ဆိုင်တယ်။ အထူးသဖြင့် အိန္ဒိယဘက်တွေမှာသူတို့စားသောက်တဲ့ အစားအစာတွေကစားတဲ့အစာကြောင့်မိုလို့ ခန္ဓာကိုယ်ကကယ်ဆီယမ်ဓာတ် မရတာ။ မရတဲ့အတွက်ကြောင့်မို့ အရိုးပွတာ။ အဲဒါကျတော့ ဘာကြောင့် ကယ်ဆီယမ်ဓာတ်ကကိုယ်ခန္ဓာကိုယ်ထဲကိုမရောက်တာလည်း၊ကျောက်ကပ်ကြောင့်ဖြစ်တာလားအစားအသောက်ကြောင့်ဖြစ်တာလားအဲဒီအပေါ်မူတည်ပြီးတော့ ကုလို့ရပါတယ်။ ကျွန်တော်နားလည်တဲ့ အရိုးပျော့ရောဂါကတော့ အဲဒီနှစ်မျိုးရှိတာပေါ့နော်။

မေး။   ။ ဟုတ်ကဲ့ပါ။ နောက်တစ်ယောက်ကတော့ နွေးနွေးစန္ဒီကမေးထားတာပါ။ အသက်က ၂၄ နှစ်ပါတဲ့။ လည်ပင်းနဲ့ပုခုံးလက်ပြင်တစ်လျှောက် အောင့်အောင့်နေပါတယ်။ ညဖက်နဲ့ အိပ်ယာနိုးနီုးချင်းပိုအောင့်နေတက်ပါတယ် ဖြေကြားပေးပါလားရှင်တဲ့။

ဖြေ။    ။ ၂၄ နှစ် အလုပ်လုပ်တဲ့အရွယ်ဆိုတော့ အခု ကျွန်တော်တွေ့တာကတော့ ဆေးကုမ္ပဏီကကလေးတွေဆိုရင် အိပ်ကြီးတွေဆွဲပြီးတော့ လျှောက်သွားနေရတယ်လေ။ အဲဒီလိုလူမျိုးဆိုရင်တော့ အဲဒီလိုမျိုးပုခုံးအောင့်တာတွေဘာတွေ ဖြစ်နိုင်တယ်လေ။ နောက်တစ်ခုကဒီအရွယ်မှာစောစောကပြောတဲ့ လည်ပင်းအရိုးကျီးပေါင်း ဖြစ်နိုင်တာမျိုးလည်းရှိတယ်။ အဲဒါလေးတွေကိုတော့ သေသေချာချာစစ်ဆေးပြီးတော့ ကုသဖို့လိုတယ်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင်လည်းလေ့ကျင့်ခန်းပေါ့။ လည်ပင်းလေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ အဲဒါတွေကတော့ နီးစပ်ရာဆရာဝန်တွေဆီမှာအကူအညီတောင်းလို့ရပါတယ်။ အဓိကကတော့ ကျွန်တော်ကတော့ ပုံမှန်လေ့ကျင့်ခန်းတစ်ခုခုကိုလုပ်စေချင်တယ်။ လူတိုင်းလိုလိုပေါ့။ အခုနောက်ပိုင်းကလည်း Gym တွေကလည်းတော်တော် များလာတယ်လေ။ အဲဒီတော့ လူတစ်ယောက်ကတစ်ပတ်ကိုတစ်ရက်တန်သည် နှစ်ရက်တန်သည်လောက်တော့ လေ့ကျင့်ခန်းကလုပ်သင့်ပါတယ်။ တချို့ကျတော့ ရောဂါမဟုတ်ဘူူးလှုပ်ရှားသွားလာမှုကြောင့် နာတာ။ အဲဒါကိုရောဂါလို့ထင်နေရင်တော့ အဆင်မပြေဘူးလေ။

မေး။   ။ နောက်တစ်ယောက်ကတော့ ကျွန်တော်မေးတဲ့မေးခွန်းတွေမှာပဲဆက်ပြီးတော့ မေးခွန်းပေါ့နော်။ အရိုးကျီးပေါင်းကိုသက်သာအောင် ဘယ်လိုလုပ်ရမလဲ။ နောက်ပြီးတော့မှ ဘယ်ဆေးနဲ့ သင့်တော်မလဲပေါ့နော။် လေ့ကျင့်ခန်းလုပ်လို့ရှိရင် ဘယ်လိုလေ့ကျင့်ခန်းမျိုးနဲ့ သင့်တော်တယ်ဆိုတာကိုသူမေးထားတာ ဖြစ်ပါတယ်ခင်ဗျာ။

ဖြေ။    ။ ကျွန်တော်ဖြေတဲ့အထဲမှာတော့ ပါသွားပါပြီ။ အရိုးကျီးပေါင်းကရောဂါမဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်ရဲ့ သဘာဝအရ ကြီးလာရင်ဖြစ်တဲ့ဟာ ကျွန်တော်လည်းတွေ့ပါတယ် ကြောငြာတွေမှာကျီးပေါင်းပျောက်တဲ့ဆေးဆိုတာတော့ အဲဒါတွေကိုတော့ မယုံဘူးခင်ဗျာ။ မဟုတ်ဘူး။ ဒီအတွက် ဆေးသောက်ဖို့မလိုဘူး။ အရိုးကျီးပေါင်းဆိုတာဒူးအရိုးကျီးပေါင်းဆိုရင် အရိုးနုလေးတွေ ပါးသွားတဲ့အတွက်ကြောင့်ပါ။ အခုကတော့ ဆေးတွေရှိတယ်။ ပြန်ကောင်းလာတာမဟုတ်ရင်တော့မှ လျော့သွားနိုင်တယ်ပေါ့။ နောက်ပြီးတော့ လေးကျင့်ခန်းကိုထိုက်သင့်သလောက်လုပ်မယ်။ သိပ်နာတဲ့အချိန်မှာအကိုက်အခဲပျောက်ဆေးတွေ သောက်မယ်။ အကိုက်အခဲပျောက်ဆေးကအလွယ်တကူရေရှည်သောက်ဖို့တော့မသင့်ဘူး။ အဲဒီလိုသောက်ရင် ကျောက်ကပ်ကိုထိခိုက်တာအစာအိမ်ရောဂါဖြစ်တာအသည်းကိုထိခိုက်တာဒါတွေ ဖြစ်လာနိုင်ပါတယ်။ အဓိကကတော့ အဲဒီလေ့ကျင့်ခန်းလုပ်ဖို့ပေါ့နော်။ ကျီးပေါင်းက ကျွန်တော်သိသလောက်ကတော့ ဆေးမရှိပါဘူး။

အပိုင်း(၁)အား ကြည့်ရှုရန်- http://mizzimaburmese.com/article/33763

အရိုးရောဂါအကြောင်း မေးခွန်းတွေ ရှိနေပြီလား (အပိုင်း ၂)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required