နယူးယော့ခ် အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း ဆိုမာလီယာမှာ ရှိတဲ့ အိုင်အက်စ်ပစ်မှတ်တွေကို အမေရိကန် သွားရောက်တိုက်ခိုက်ခဲ့ဟု ဆို

နယူးယော့ခ် အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း ဆိုမာလီယာမှာ ရှိတဲ့ အိုင်အက်စ်ပစ်မှတ်တွေကို အမေရိကန် သွားရောက်တိုက်ခိုက်ခဲ့ဟု ဆို

 

နို၀င်ဘာ ၄ ။              ။ ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ လူရှစ်ဦးသေဆုံးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၂ ရက်ကပဲ အမေရိကန်စစ်တပ်က ဆိုမာလီယာမှာ ရှိတဲ့အိုင်အက်စ်ပစ်မှတ်တွေကို ပထမဆုံးအကြိမ် သွားရောက်လက်စားချေတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ယခုလို နယူးယော့ခ်ဖြစ်စဉ်နဲ့ပတ်သက်လို့ ဆိုမာလီယာမှာ ရှိတဲ့အိုင်အက်စ်ပစ်မှတ်တွေကို သွားရောက်တိုက်ခိုက်ခဲ့တယ်ဆိုပြီး ထရမ့်က ပြောကြားခဲ့ပြီးနောက်မှာတော့ ကန်စစ်တပ်တာဝန်ရှိသူတွေကလည်း ဆိုမာလီယာက အိုင်အက်စ်တွေကို လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်သမားအများအပြား သေဆုံးခဲ့တယ်ဆိုပြီး ထုတ်ပြန်လာပါတယ်။

အိုင်အက်စ်အကြမ်းဖက်အဖွဲ့အနေနဲ့ မိမိတို့နိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ကျူးလွန်မယ်ဆိုရင် ယင်းတိုက်ခိုက်မှုတန်ဖိုးရဲ့ ဆယ်ဆ ပြန်ပေးဆပ်ရမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၃ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ထားခဲ့တဲ့ နယူးယော့ခ်တိုက်ခိုက်မှုဖြစ်စဉ်မှာ ကျူးလွန်သွားသူဟာ မိမိတို့ စစ်သားတစ်ဦးဖြစ်ကြောင်း အိုင်အက်စ်အကြမ်းဖက်အုပ်စုက ထုတ်ဖော်ကြေညာပြီးနောက် သမ္မတထရမ့်က တွစ်တာကနေတဆင့် အထက်ပါအတိုင်း သတိပေးပြောဆိုသွားတာဖြစ်ပါတယ်။

သမ္မတထရမ့်ရဲ့အဆိုအရ ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာပဲ အမေရိကန်စစ်တပ်က အိုင်အက်စ်တို့ကို ကြီးကြီးမားမား သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

" ကျူပ်တို့ကို တစ်ကြိမ်လာတိုက်တိုင်း သူတို့ အကြီးအကျယ် ပြန်ပေးဆပ်ရမှာပါ" လို့ ထရမ့်က ပြောပါတယ်။

ဒါ့အပြင် အဆိုပါ အကြမ်းဖက်အုပ်စုအနေနဲ့ အမေရိကန်ကို တိုက်ခိုက်မယ်ဆိုရင် တိုက်ခိုက်တဲ့တန်ဖိုးရဲ့ ဆယ်ဆ ပြန်လည်ပေးဆပ်ရမှာဖြစ်ကြောင်း သမ္မတထရမ့်က သတင်းထောက်တွေနဲ့ တွေ့တိုင်း ထပ်တလဲလဲ ပြောကြားထားခဲ့ပြီး ဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags