မြန်မာနိုင်ငံအပေါ် ဆန်ရှင်သစ်များ ချမှတ်ပါက တိုင်းပြည်ထိခိုက်နိုင်ဟု ဦးဇော်ဌေးဆို

မြန်မာနိုင်ငံအပေါ် ဆန်ရှင်သစ်များ ချမှတ်ပါက တိုင်းပြည်ထိခိုက်နိုင်ဟု ဦးဇော်ဌေးဆို

 

နိုဝင်ဘာ ၄ ။                          ။ အမေရိကန်အောက်လွှတ်တော်အမတ်တွေရဲ့ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ရေး ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယင်းပိတ်ဆို့မှုတွေဖြစ်ပေါ်လာရင် မြန်မာနိုင်ငံအနေနဲ့ ထိခိုက်နစ်နာနိုင်ကြောင်း ပြောပါတယ်။

ဘင်္ဂါလီမွတ်ဆလင်အသိုင်းအဝိုင်းအပေါ် ပြုမူဆက်ဆံပုံနဲ့ စပ်လျင်းပြီးတော့ မြန်မာအပေါ် ဖိအားပေးဖို့ ၀ါရှင်တန်ဘက်က ကြိုးပမ်းလာနေတယ်လို့ သိရပြီး ယခုအခါ ယင်းကြိုးပမ်းချက်တစ်စိတ်တစ်ဒေသအဖြစ် မြန်မာစစ်တပ်အပေါ် ဆန်ရှင်ချမှတ်သွားရေး အမေရိကန် ဥပဒေပြုအမတ်တွေက ပြီးခဲ့တဲ့ နို၀င်ဘာ ၃ ရက်မှာ အဆိုပြုတင်သွင်းလာခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး မဇ္စျိမက မေးမြန်းရာမှာ ဦးဇော်ဌေးက အထက်ပါအတိုင်းဖြေကြားခဲ့တာပါ။

အမေရိကန် အောက်လွှတ်တော် ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ်အမတ်တွေက ယင်းဥပဒေကို တင်သွင်းလာခဲ့တာဖြစ်ပြီး အဆိုပါတင်သွင်းလာတဲ့ ဥပဒေမူကြမ်းအရဆိုရင် မြန်မာ့တပ်မတော်နဲ့အမေရိကန်အကြား ပူးပေါင်းဆောင်ရွက်မှုတွေ သို့မဟုတ် အမေရိကန်ဘက်က စစ်ရေးပိုင်း အကူအညီပေးမှုတို့အပေါ် လျှော့ချဖြတ်တောက်သွားဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ ဥပဒေထဲမှာ မြန်မာ့တပ်မတော်အရာရှိကြီးတွေကို ခရီးသွား ဗီဇာပိတ်ပင်ချက်တွေ သတ်မှတ်ပြဌာန်းသွားရေးကိုလည်း အိမ်ဖြူတော်အစိုးရကို တိုက်တွန်းထားမှုတွေ ပါ၀င်နေတယ်လို့  သိရပါတယ်။

ယခု ဥပဒေမူကြမ်းကိုတော့ Senate Armed Services committee ဥက္ကဋ္ဌ ဂျွန်မက်ကိန်းအပါအဝင် လွှတ်တော်အမတ်အုပ်စုတစ်စုက တင်သွင်းခဲ့တာဖြစ်ပါတယ်။

ယင်းထဲမှာဆိုရင် မြန်မာအပေါ် သွင်းကုန်နဲ့ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ပိတ်ဆို့မှုတွေ အသစ်ပြန်လည်ပြဌာန်းဖို့ကိုလည်း တောင်းဆိုထားတယ်လို့ သိရပါတယ်။   မြန်မာနိုင်ငံကနေထွက်တဲ့ ကျောက်စိမ်းနဲ့ ပတ္တမြား တို့အပေါ် ပိတ်ဆို့မှုတစ်ရပ် ပြဌာန်းသွားရေး အချက်လည်း ပါ၀င်နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အာရှဒေသတွင်း ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ဖို့ ၎င်းရဲ့ အာရှခရီးစဉ်ကို စတင်ထွက်ခွာနေလျက်ရှိချိန်မှာပဲ ယခုလို တင်းကြပ်တဲ့ အဆိုပြုချက်တွေ ထွက်ပေါ်လာနေတာလည်း ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ရခိုင်မြောက်ပိုင်းကနေပြီး ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ဘေးကင်းလုံခြံုစွာ နေရပ်ပြန်လာနိုင်ရေး မြန်မာအစိုးရက ဆောင်ရွက်ပေးဖို့ အမေရိကန်လွှတ်တော်အမတ်တွေက ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတိုးမြှင့်ရေး အဆိုဟာ ဗြိတိန်အခြေစိုက် မြန်မာ ရိုဟင်ဂျာအဖွဲ့ (BROUK ) အမေရိကန်ပြည်ထောင်စုကို လာရောက်ပြီး အစိုးရအရာရှိတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို စည်းရုံးပြောဆိုလှုပ်ရှားခဲ့တဲ့နောက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ဒီလ(၁)ရက်နေ့ကလည်း အမေရကန်အောက်လွှတ်တော် က ခန်းမတစ်ခုမှာ  ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ စပ်လျဉ်းတဲ့ မှတ်တမ်းတင်ရုပ်ရှင်တစ်ခုကို ပြသခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံကတော့ ရခိုင်အရေးနဲ့ပတ်သက်ပြီးနိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံအပေါ်စိတ်ရှည်ပေးဖို့   ကုလသမ္မဂကို တောင်းဆိုထားပါတယ်။

မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုနဲ့အတူ ရခိုင်ပြည်နယ်ဟာ တည်ငြိမ်မှုဆီကို တဖြေးဖြေး တိုးတက်ပြောင်းလဲနေတယ်လို့လည်း တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာဝူက  ကုလသမဂ္ဂလုံခြံုရေးကောင်စီကို ဒီလ၂ရက်က တင်ပြခဲ့ပါတယ်။

ရခိုင်အရေးဟာ သမိုင်းကြောင်းနဲ့ချီတဲ့ အရှုပ်အထွေးတစ်တစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေး အကြောင်းတရားတွေအပြင် မတူကွဲပြားမှုပြဿနာတွေဟာ အချိန်ကြာမြင့်စွာ ရှုပ်ထွေးပွေလီနေခဲ့တယ်လို့လည်း မစ္စတာဝူက ပြောသွားခဲ့ပါတယ်။

 ရခိုင်အရေးနဲ့ ပတ်သက်ပြီး လူမျိူးသုန်းသတ်ဖြတ်မှုတွေ ရှိနေတယ်လို့ နိုင်ငံတကာအသိုင်းအဝန်းက စွပ်စွဲနေပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကတော့ ရခိုင်ပြည်နယ်မှာ လူမျိုးသုန်းသတ်ဖြတ်မှု လုံးဝမရှိဘူးလို့ ပြောထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်ကနေ စက်တင်ဘာလ ၅ ရက်နေ့အထိ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် တိုက်ခိုက်သူများနှင့် ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ် ၉၇ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦးကျဆုံးခဲ့ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅ ဦး၊ နိုင်ငံ့ဝန်ထမ်း ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သူ ၃၇၁ ဦး အသေ ရရှိကာ ၃၈ ဦးဖမ်းဆီးရမိခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုကြောင့် ဒေသခံ တိုင်းရင်းသား ၁၄ ဦး၊ ဟိန္ဒူဘာသာဝင် ဘင်္ဂါလီ ရ ဦး၊ အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ ရဦး စုစုပေါင်း ၂၈ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ အစိုးရက အစောပိုင်း သတင်းထုပ်ပြန်ထားပါတယ်။ နောက်ဆက်တွဲ သတင်း တွေအရ အကြမ်းဖက် သမားတွေဟာ မောင်တော မြို့နယ် ရဲဘောက်ကျ ကျေးရွာက ဟိန္ဒူဘာသာဝင် ၉၀ကျော်အား အဓမ္မဖမ်းဆီး ခေါ်ဆောင် သွားခဲ့တယ်လို့လည်းဆိုပါတယ်။  စက်တင်ဘာလ ၂၄ နှင့် ၂၅ ရက်နေ့မှာ ဘော်တလာ ကျေးရွာ အနီးမှာ အကြမ်းဖက်သမားတွေရဲ့သတ်ဖြတ်ခြင်းခံရတဲ့ ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၄၅ လောင်းကို တူးဖော်ရရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly