ဖလော်ရီဒါတွင် အမျိုးသမီးတစ်ဦးကို အရက်မူးပြီး မြင်းစီးမှုဖြင့် ရဲက ဖမ်းဆီးအရေးယူ

ဖလော်ရီဒါတွင် အမျိုးသမီးတစ်ဦးကို အရက်မူးပြီး မြင်းစီးမှုဖြင့် ရဲက ဖမ်းဆီးအရေးယူ

 

နိုဝင်ဘာ ၄ ။                     ။ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာတော့ အရက်သောက်ထားပြီး လူရှုပ်တဲ့ ကားလမ်းမကြီးတစ်ခုပေါ်မှာ မြင်းတစ်ကောင်ကို စီးပြီးသွားလာနေခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ရဲက ဖမ်းဆီးအရေးယူခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်က ထူးထူးခြားခြား ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၅၃ နှစ်အရွယ်ရှိ ဒွန်နာ ဘိုင်ဆိုသူ အမျိုးသမီးကြီးတစ်ဦးဟာ ယင်းနေ့က အရက်မူးနေခဲ့ပြီး ပြည်နယ်အလယ်ပိုင်းမှာ ရှိတဲ့ ပုတ်ခ် မြို့က လမ်းမကြီးတစ်ခုပေါ်မှာ မြင်းတစ်ကောင်ကို စီးပြီးသွားနေခဲ့တာဖြစ်ကာ သူမကို ယာဉ်ထိန်းရဲက တွေ့ရှိ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူမကိုတော့ အရက်မူးပြီး မြင်းစီးမှုနဲ့ ဖမ်းဆီးအရေးယူခဲ့တာဖြစ်ကြောင်း ပုတ်ခ်ကောင်တီ ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်ပါတယ်။

ယခုကိစ္စမှာ အရေးယူခံရတဲ့ ဒွန်နာ ဟာဆိုရင် အရက်မူးနေခဲ့ပြီးမှ လူရှုပ်ကားရှုပ်တဲ့ လမ်းမပေါ်မှာ ယခုလို မြင်းတစ်ကောင်ကို စီးပြီး သွားလာနေခဲ့တာဟာ တိရိစ္ဆာန်အခွင့်အရေးအပေါ် မျက်ကွက်ပြုရာရောက်သလို သူမရဲ့ ယခုအပြုအမှုကြောင့် မြင်းမှာလည်း လမ်းပေါ်မှာ ထိခိုက်ဒဏ်ရာရနိုင်မှု ဒါမှမဟုတ် သေဆုံးသွားနိုင်မှု အန္တရာယ်နှင့်ပါ ရင်ဆိုင်နိုင်ရတာကြောင့် ယခုလို ဖမ်းဆီးအရေးယူလိုက်ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

" မစ္စ ဘိုင် ကို တွေ့ရတဲ့ အနေအထားအရ ဆိုရင် လမ်းမပေါ်မှာ ကောင်းကောင်းရှိနေရမယ့် အခြေအနေမဟုတ်ပါဘူး၊ ခုလို အရက်မူးပြီး မြင်းတစ်ကောင်နဲ့လမ်းမပေါ် လျှောက်သွားနေခဲ့တာက သူမကိုယ်တိုင်အတွက်သာမက မြင်းအတွက်ပါ အန္တရာယ်ရှိစေနိုင်တယ်လေ၊ ဒါ့အပြင် သူ့ကြောင့်လည်း လမ်းပေါ်မှာ သွားနေတဲ့ အခြားလူနဲ့ ယာဉ်တွေကိုပါ မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်သွားစေနိုင်လို့ပါ၊ နောက်ပြီးလမ်းကိုကလည်း တော်တော်လေး ရှုပ်နေခဲ့ပါတယ်" ဆိုပြီး ကောင်တီ ရဲတပ်ဖွဲ့မှ ရဲအရာရှိ ဂရက်ဒီ ဂျက်ဒ်က ပြောသွားပါတယ်။

ယင်းနောက် သူမကိုတော့ ဥပဒေအတိုင်း အရေးယူဖို့ ဖမ်းဆီးထိန်းသိမ်းထားခဲ့တယ်လို့ သိရပြီး မြင်းကိုတော့ တိရိစ္ဆာန် ထိန်းသိမ်းရေးစင်တာကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly