ကက်တလန်ခေါင်းဆောင်ကို စပိန်က ဖမ်းဝရမ်းထုတ်

ကက်တလန်ခေါင်းဆောင်ကို စပိန်က ဖမ်းဝရမ်းထုတ်

 

ဘာစီလိုနာ၊ နိုဝင်ဘာ ၄ ။               ။ ကက်တာလိုနီးယားဒေသ၏ ဖယ်ရှားခံ ခွဲထွက်ရေး ခေါင်းဆောင် ကားလိစ်ပတ်ဒီမွန့်ကို အီးယူလွှမ်းခြံု ဖမ်းဝရမ်းအား စပိန်တရားရုံးက နိုဝင်ဘာ ၃ ရက်တွင် ထုတ်လိုက်သည်။

စပိန်မှ ကက်တာလိုနီးယားဒေသ ခွဲထွက်သည့် အုတ်အော်သောင်းနင်း ဖြစ်ရပ်တွင် ၄င်း၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် လာရောက်ခြင်း မရှိသဖြင့် နောက်တစ်ရက်တွင် ယခုကဲ့သို့ ဖမ်းဝရမ်း ထုတ်လိုက်ခြင်း ဖြစ်သည်။

ခွဲထွက်ရေးခေါင်းဆောင် ပတ်ဒီမွန့်အား ယခုကဲ့သို့ ဖမ်းဝရမ်း ထုတ်ကြောင်း ကြေညာလိုက်ခြင်းသည် ချမ်းသာသော အရှေ့မြောက်ပိုင်း ကက်တာလိုနီးယားဒေသတွင် နှစ်ညဆက်တိုက်ဖြစ်ပွားနေသော ဆန္ဒပြမှုများအတွက် စိတ်ဆိုးဒေါသထွက်စရာလည်းဖြစ်ရသကဲ့သို့ တုန်လှုပ်စရာဖြစ်စေသည်။ ဆန္ဒပြသူများသည် အနီနှင့် အဝါစင်းကြားပေါ် ကြယ်ဖြူပါ ကက်တလန်အလံအား ကိုင်ဆောင်ဝှေ့ယမ်းကြကာ ဒေသလွတ်လပ်ရေးကို ကြွေးကြော်ဆန္ဒပြနေကြခြင်းဖြစ်သည်။

စပိန်အစိုးရရှေ့နေများက ပတ်ဒီမွန့်အား ဘယ်ဂျီယံတွင် ထိန်းသိမ်းကာ ပုန်ကန်ခြားနားမှု၊ နိုင်ငံတော် အကြည်ညိုဖျက်မှုနှင့် ပြည်သူ့ပိုင််ငွေ အလွဲသုံးမှုများဖြင့် စွဲဆိုလိုခြင်း ဖြစ်သည်။ နိုဝင်ဘာ ၂ ရက်နေ့တွင် အသက် ၅၄ နှစ်ရှိ ပတ်ဒီမွန့်က မက်ဒရစ်ရှိ တရားရုံးသို့ လာရောက်ထွက်ဆိုရန် ဆင့်ခေါ်မှုကို ငြင်းဆန်ထားခဲ့ခြင်း ဖြစ်သည်။

ပတ်ဒီမွန့်အပြင် အခြား ကက်တလန်ဝန်ကြီးလေးဦးကိုလည်း ကြားနာမှုသို့ လာရောက်ခြင်း မရှိခြင်းကြောင့် အီးယူလွှမ်းခြံု ဖမ်းဝရမ်း ထုတ်ထားသည်။ ယင်းဝန်ကြီးလေးဦးသည်လည်း ပတ်ဒီမွန့်နည်းတူ စပိန်ဗဟိုအစိုးရက ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ရာထူးမှ ထုတ်ပယ်ထားခံထားရသူများ ဖြစ်သည်။

စပိန်တရားရုံးသည် နိုဝင်ဘာ ၂ ရက်က ပတ်ဒီမွန့်၏ လက်ထောက်နှင့် အခြားရာထူးမှ ဖယ်ရှားခံ ဒေသဆိုင်ရာ ဝန်ကြီး ခုနစ်ဦးတို့အား ထွက်မပြေးနိုင်အောင် စစ်ဆေးကြားနာမှု မတိုင်မီ ထိန်းသိမ်းချုပ်နှောင် ထားရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly