ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ဝင်ရောက်လာမည့်သူများအား လက်ခံမည့်နေရာကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်စစ်ဆေးခဲ့

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ဝင်ရောက်လာမည့်သူများအား လက်ခံမည့်နေရာကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်စစ်ဆေးခဲ့
ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ရခိုင်ပြည်နယ်သို့ရောက်ရှိစဉ် တောင်ပြိုလက်ဝဲ မြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ ယာယီလက်ခံမည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးခဲ့ပြီးနောက် ပြန်လည်ဝင်ရောက်လာသူများအား အမြန်ဆုံးနေရပ်သို့ ပို့ဆောင်ရေးဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

နိုဝင်ဘာလ ၂ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် နေပြည်တော်မှ မြန်မာအမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိခဲ့ခြင်း   ဖြစ်သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် တောင်ပြိုလက်ဝဲမြို့ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိိုင်ငံချစ်ကြည်တံတားအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါခရီးစဉ်သည် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပ့ံပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD၏ ဦးစားပေးလုပ်ငန်းစဉ် ၃ ရပ် အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး စတင်အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

အဆိုပါ ခရီးစဉ်သည် ၁၄ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး စစ်တွေမှ တဆင့် ရခိုင်ပြည်နယ်မြောက်ခြမ်း မောင်တောခရိုင် ပန်းတောပြင်၊ ခုံတိုင်(မြို)ရွာသစ်၊ တောင်ပြို လက်ဝဲ၊ ကျီးကန်း ပြင်၊ ဒေသများသို့ သွားရောက်ခဲ့ကာ နှစ်ဖက်လူမှုအသိုက်အဝန်းများအား တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းနေ့က ပန်းတောပြင်ကျေးရွာ ရောက်ရှိစဉ် ပညာရေးနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး မောင်တောဒေသတိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

မောင်တောမြို့ ခုံတိုင်(မြို)ရွာသစ် မြေကွက် နေရာချထားမှု၊ ဆေးပေးခန်း၊ လမ်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ရေတွင်း တည်ဆောက်သွားမည့် အစီအစဉ်များအားလည်းသွားရောက်ကြည့်ရှုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ်နေ့ချင်းခရီးစဉ်သို့ ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီးဦးမင်းသူ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများဖြစ်ကြသော ဦးဇော်ဇော်၊ ဦးပြည့်ဖြိုးတေဇ၊ ဒေါ်နန်းလိုင်ခမ်းနှင့်တာဝန်ရှိသူများ လိုက်ပါခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly