ဂျူးဒေသကို ထောက်ခံကြောင်း ဗြိတိန်၏ သမိုင်းဝင်ကြေညာချက်အပေါ် ပါလက်စတိုင်း၌ သရုပ်ပြလှောင်ပြောင်မှုများဖြင့် ဆန္ဒပြ

ဂျူးဒေသကို ထောက်ခံကြောင်း ဗြိတိန်၏ သမိုင်းဝင်ကြေညာချက်အပေါ် ပါလက်စတိုင်း၌ သရုပ်ပြလှောင်ပြောင်မှုများဖြင့် ဆန္ဒပြ

 

ဂျေရုဆလင်၊ နိုဝင်ဘာ ၃ ။                ။ ပထမကမ္ဘာစစ်ကာလ ၁၉၂၆ ခုနှစ်အတွင်း ပါလက်စတိုင်းတွင် ဂျူးဇာတိဒေသအား ထောက်ခံကြောင်း ဗြိတိန်နိုင်ငံ၏ သမိုင်းဝင် Balfour ကြေညာချက်   နှစ်ပတ်လည်မတိုင်မီ ပါလက်စတိုင်းတွင် သရုပ်ပြလှောင်ပြောင်မှုများဖြင့် ဆန္ဒပြမှုများ ပြုလုပ်ကြသည်။

အဆိုပါ ကြေညာချက် ရာစုနှစ် မပြည့်မီ ယခုဆန္ဒပြမှုများတွင် ပါလက်စတိုင်းက ဘတ်လီဟမ်မြို့တွင်း ဗြိတိန်အခြေစိုက်ဆိုသော graffiti အနုပညာရှင်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် ရုပ်ရှင်ဒါရိုက်တာဖြစ်သူ မြေအောက်အနုပညာရှင် Banksy က ဦးစီးပြီး သရော်မှု ပြကွက် “တောင်းပန်ခြင်း”ဆိုသည့် လမ်းပေါ်ပါတီကို ပြုလုပ်ခဲ့သကဲ့သို့ အနောက်ဖက်ကမ်းမြောင်က အစ္စရေး၏ ကျူးကျော်မှုများကို ဆန့်ကျင်ကာ ဆန္ဒပြမှုများ ဖြစ်ပွားသည်။

အနောက်ဖက်ကမ်းမှ အစ္စရေးတို့ ကာရံထားသော နံရံတံတိုင်းတွင် Banksy အသစ်ရေးဆွဲသည့် graffiti လက်ရာကို ဘုရင်မကြီး အယ်လိဇဘတ် ၂ လို ဝတ်ဆင်ထားသည့် သရုပ်ဆောင်တစ်ဦးက ဖွင့်လှစ်ပြသည်။ ထို graffiti လက်ရာ ဒီဇိုင်းမှာ ဗြိတိန်တော်ဝင်တံဆိပ်တော်အောက် “Er—Sorry”ဟု ရေးဆွဲထားခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင် ပါလက်စတိုင်းကလေးငယ် ၆၀ ခန့်က ဗြိတိန်စစ်သူရဲကောင်းများဟန် ဝတ်ဆင်ကာ ယူနီယံဂျက်အလံနှင့် လက်ဖက်ရည်ပွဲပါတီကျင်းပပြီး နိုင်ငံရေးသရုပ်ပြမှုကို လုပ်ဆောင်သည်။

“ဒါဟာ ဗြိတိန် ပါလက်စတိုင်းကို သိမ်းပိုက်ပြီးနောက် နှစ်တစ်ရာမှ ဖရိုဖရဲဖြစ်ကျန်ရစ်တဲ့ ရလဒ်ပဲ။”ဟု ယခုပွဲကျင်းပခြင်း၏ စေ့ဆော်မှုကို ရှင်းပြသော ထုတ်ပြန်ချက်တွင် Banksy က ရှင်းပြထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်က ပါလက်စတိုင်းလူငယ် ဆန္ဒပြသူများသည် Balfour ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သော Lord Balfour ၏ ရုပ်တုအနီး စုံရုံးကြကာ အစ္စရေးလုံခြံုရေးတပ်ဖွဲ့ဝင်များအား ကျော်ခဲများဖြင့် ထုပေါက်ကြခြင်းကြောင့် တုံ့ပြန်သည့်အနေဖြင့် လုံခြံုရေးတပ်ဖွဲ့ဝင်များက မျက်ရည်ယိုအမြောက်များ ပစ်ခတ်ခဲ့ရသည်။

ယခုနှစ်အစက ပါလက်စတိုင်း ဝန်ကြီးချုပ် မာမွတ်အဘတ်စ်က Balfour ၏ ကြေညာချက်သည် သမိုင်းဝင် တရားမျှတမှု မရှိခြင်းဖြစ်ရာ ဗြိတိန်အစိုးရအနေဖြင့် တရားဝင် တောင်းပန်မှု ပြုလုပ်ရန် ပန်ကြားလိုက်သော်လည်း ပယ်ချခံရသည်။

“အစ္စရေးနိုင်ငံတော် ဖန်တီးတည်ဆောက်ရာမှ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍအတွက် ကျွန်တော်တို့ ဂုဏ်ယူတယ်။”ဟု ဒေါင်းနင်းလမ်းက အကြောင်းပြန်ကြားခဲ့ခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly