ရခိုင်အရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ယခုလအတွင်း လာရောက်မည်

ရခိုင်အရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ယခုလအတွင်း လာရောက်မည်

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရတ်ဇ်တေလာဆန်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများ အဆုံးသတ်နိုင်ရေး တွန်းအားပေးနိုင်ရန် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုုဝင်ဘာ ၂ ရက်ကကြေညာသည်။

တေလာဆန်သည် မြန်မာနိုင်ငံမြို့တော် နေပြည်တော်သို့ လာရောက်မည်ဖြစ်ကာ ရခိုင်ပြည်နယ်က လူသားချင်းစာနာထောက်ထားရေး ပြဿနာရပ်များအပေါ် ကိုင်တွယ်ဖြေရှင်းနေရသော အကြီးတန်းခေါင်းဆောင်များ၊ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။ အမေရိကန်အနေဖြင့် မြန်မာနိုင်ငံ၏  ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို   ထောက်ပ့ံသွားမည်ဟုလည်း ဖော်ပြသည်။

သမ္မတ ဒေါ်နယ်ထရမ့်နှင့်အတူ အပြိုင်ခရီးစဉ်ထွက်ခွာသော အာရှ ဆယ်ရက်တာ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၅ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက လာရောက်မည်ဖြစ်သည်။ ဝါရှင်တန်ဒီစီက ယခုလအစောပိုင်းက အခမ်းအနားတစ်ရပ်တွင် အမေရိကန်က ရခိုင်အခြေအနေကို အလွန်စိုးရိမ်ပူပန်ကြောင်း၊ မြန်မာစစ်ခေါင်းဆောင်များအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေမှုကို ပြသရန် တိုက်တွန်းကြောင်း တေလာဆန်က ပြောသည်။

“ကျွန်တော်တို့အတွက် အရေးကြီးဆုံးက ရခိုင်ဒေသမှာ ရက်စက်မှုတွေ ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ကမ္ဘာကြီးအနေနဲ့ မျက်ကွယ်ပြုထားလို့ မရနိုင်တာပဲ”ဟု   တေလာဆန်က ပြောသည်။

သို့သော် တေလာဆန်အပါအဝင် အမေရိကန် တာဝန်ရှိသူများက မြန်မာနိုင်ငံ၏ နုနယ်သော ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် တပ်မတော်နှင့် အာဏာခွဲဝေယူထားရသည့် အရပ်သားအစိုးရ   ခေါင်းဆောင်များကို လူသိရှင်ကြား အပြစ်ဆိုခြင်းနှင့် ပတ်သက်ပြီး သတိထားလျက် ရှိနေသည်ဟု သတင်းတရပ်တွင် ဖေါ်ပြထားသည်။

တေလာဆန်အနေဖြင့် ၎င်း၏ ခရီးစဉ်တွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသော ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီများကို ရခိုင်သို့ ဘေးကင်းမှု အပြည့်အဝဖြင့် ပြန်လည်ဝင်ရောက်နိုင်အောင် အခြေအနေများ ထူထောင်ပေးရန် မြန်မာခေါင်းဆောင်များကို တိုက်တွန်းသွားမည်ဖြစ်ကြောင်း နို်င်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦးက CNN သို့ပြောခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမောင်တောဒေသတွင် သြဂုတ်လ ၂၅ရက်နေ့က အစွန်းရောက် ARSAအဖွဲ့က အကြမ်းဘက်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ရာ ဒေသခံဘင်္ဂါလီလေးသိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသည်ဟု ကုလသမ္မဂက ထုပ်ပြန်ထားသည်။

မြန်မာအစိုးရ၏ သတင်းထုပ်ပြန်ချက်များတွင်မူ စက်တင်ဘာလ ၅ ရက်နောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု မရှိတော့ကြောင်းဖေါ်ပြထားပြီး ရခိုင်ဖြစ်စဉ်နှင့်ပတ်သက်၍ လူမျိုးသုန်းသတ်ဖြတ်မှု လုံးဝမရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် တိုက်ခိုက်သူများနှင့် ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ် ၉၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦးကျဆုံး၍ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅ ဦး၊ နိုင်ငံ့ဝန်ထမ်း ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သူ ၃၇၁ ဦး အသေ ရရှိကာ ၃၈ ဦးဖမ်းဆီးရမိခဲ့ကြောင်း၊အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုကြောင့် ဒေသခံ တိုင်းရင်းသား ၁၄ ဦး၊ ဟိန္ဒူဘာသာဝင် ဘင်္ဂါလီ ရ ဦး၊ အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ ရဦး စုစုပေါင်း ၂၈ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံ တိုင်းရင်းသား ၄ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နောက်ဆက်တွဲ သတင်း ဖော်ထုတ်ချက်များအရ အကြမ်းဖက် သမားများက မောင်တော မြို့နယ် ရဲဘောက်ကျ ကျေးရွာမှ ဟိန္ဒူဘာသာဝင် ၉၀ကျော်အား အဓမ္မဖမ်းဆီး ခေါ်ဆောင်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်းသိရှိရပြီး စက်တင်ဘာလ ၂၄ နှင့် ၂၅ ရက်နေ့များတွင် ဘော်တလာ ကျေးရွာ အနီး၌ သတ်ဖြတ်ခြင်းခံရသည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၄၅ လောင်းအား တူးဖော်ရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုပ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly