မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုများ ထပ်လုပ်လာမည်ဟု ဆိုးလ်သတိပေး

မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုများ ထပ်လုပ်လာမည်ဟု ဆိုးလ်သတိပေး

 

ဆိုးလ်၊ နိုဝင်ဘာ ၃ ။       ။ မြောက်ကိုရီးယားနိုင်ငံသည် မကြာမီအချိန်အတွင်း ဒုံးကျည်စမ်းသပ်မှုသစ်များ ထပ်လုပ်လာလိမ့်ဦးမည်ဟု တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာန NIS က နိုဝင်ဘာ ၂ ရက်တွင် သတိပေးလိုက်သည်။

ပါလီမန်ကော်မတီတစ်ရပ်သို့ NIS က သတိပေးပြောကြားရာတွင် ၄င်းတို့အနေဖြင့် ပြံုယမ်းက ဒုံးကျည်သုတေသနဇုန်ဝန်းကျင်တွင် ယာဉ်များ သွားလာလှုပ်ရှားမှု အရိပ်အခြည်ကို ထောက်လှမ်းတွေ့ရှှိကြောင်း၊ ယင်းသို့ တွေ့မြင်နေရမှုသည် စက်တင်ဘာ ၁၅ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒုံးကျည်စမ်းသပ်မှု ထပ်ဖြစ်လာနိုင်ကြောင်း သတိပေးထားခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မြောက်ကိုရီးယားအရေး အခရာအဖြစ်ထားပြီး အခြားအရေးများပါ ဆွေးနွေးမည့် ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်အပါအဝင် အာရှခရီးစဉ် မစတင်မီ ယခုသတိပေးချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံသည် စက်တင်ဘာ ၃ ရက်က နျူကလီးယားစမ်းသပ်မှု အပါအဝင် လက်နက်စမ်းသပ်မှုများ အကြိမ်ကြိမ် လုပ်ဆောင်ရာ ထရမ့်အစိုးရ၏ စစ်သံပါသော ခြိမ်းခြောက်မှုများဖြင့် တုံ့ပြန်ခံရရာမှ တင်းမာမှုများက ၁၉၅၀ ခုနှစ်များ ကိုရီးယားစစ်ပွဲနောက်ပိုင်း အပြင်းထန်ဆုံးဖြစ်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားစမ်းသပ်မှုများ ပိုမိုလုပ်ဆောင်ရန် ရှိနေပြီး အသေးစားနျူကလီးယား ထိပ်ဖူး တည်ဆောက်ရေး တွန်းတင်လုပ်ဆောင်နေကြောင်း NIS ကိုယ်စားလှယ်များက ပြောကြောင်း ဌာနေ ယွန်ဟတ်သတင်းဌာနက ဖော်ပြသည်။

ထိုပြင် စက်တင်ဘာ ၃ ရက် နျူကလီးယားစမ်းသပ်မှုကြောင့် ပျက်စီးခဲ့ဖွယ်ရှိထားသော်လည်း Punggye-ri နျူကလီးယား စမ်းသပ်ဇုန် တူးမြောင်းအမှတ် ၃ တွင် မည်သည့်ကာလမဆို မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှု တစ်ရပ် ပြုလုပ်ရန် အသင့်ရှိနေကြောင်းလည်း NIS က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags