မြန်မာအမျိုးသမီးအသင်းနည်းပြ ရော်ဂျာရိုင်နာနှင့် လမ်းခွဲ

မြန်မာအမျိုးသမီးအသင်းနည်းပြ ရော်ဂျာရိုင်နာနှင့် လမ်းခွဲ
Photo: MFF

 

နိုဝင်ဘာ ၂၊ ရန်ကုန်။              ။ မြန်မာအမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သည့် နယ်သာလန်လူမျိုးနည်းပြ ရော်ဂျာရိုင်နာနှင့်   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့   နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းကာ လမ်းခွဲခဲ့ပြီဖြစ်သည်။

နယ်သာလန်အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းကို ငါးနှစ်ကြာတာဝန်ယူကိုင်တွယ်ခဲ့သော ရော်ဂျာရိုင်နာမှာ ၂၀၁၆မှစတင်ကာ မြန်မာအမျိုးသမီးအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သည်။

မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းမှာ နည်းပြ ရော်ဂျာရိုင်နာလက်ထက်တွင် အဓိကပြိုင်ပွဲများအဖြစ်၂၀၁၆ အာဆီယံချန်ပီယံရှစ်နှင့် ၂၀၁၇မလေးရှားဆီးဂိမ်းပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဆိုပါပြိုင်ပွဲနှစ်ရပ်စလုံးတွင် တတိယသာ ရရှိခဲ့သည်။

" မြန်မာအမျိုးသမီး အသင်းနည်းပြချုပ် ရာထူးအတွက် ကျွန်တော့်ကို တာဝန်ပေးအပ်ခဲ့ကြတဲ့ MFF ဥက္ကဋ္ဌနဲ့တကွ တာဝန်ရှိသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ မြန်မာအသင်းကို ကိုင်တွယ်စဉ် ကာလအတွင်းမှာ MFF နဲ့ အသင်းဖော်တွေ ဝန်ထမ်းတွေ အားလုံးအတူတကွ လုပ်ကိုင်ဆောင်ရွက်ခဲ့ရခြင်းကိုလည်း ဂုဏ်ယူမဆုံးပါဘူး။ အထူးသဖြင့် မြန်မာအမျိုးသမီးအသင်းကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျွန်တော်လုံးဝမေ့နိုင်မှာ မဟုတ်ပါဘူး။ သူတို့ ဘယ်လောက် အံ့သြစရာကောင်းလောက်အောင် အားပေးခဲ့ကြတယ်ဆိုတာ မန္တလာသီရိကွင်းအပြည့် အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကြည့်တာနဲ့သိနိုင်ပါတယ်။ မြန်မာအသင်းအားလုံး အနာဂတ်မှာ အောင်မြင်မှုအသီးသီး ဆွတ်ခူးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ ကျွန်တော်တို့ တစ်ချိန်ချိန်မှာ ပြန်ဆုံကြမယ်လို့လည်း မျှော်လင့်ပါတယ်" ဟု ရော်ဂျာကပြောသည်။

မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းအတွက် လက်ရှိအချိန်တွင် နည်းပြသစ်ခန့်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ စီစဉ်ထားခြင်းမရှိသေးပဲ နိုင်ငံခြားသားနည်းပြသစ်တစ်ဦးကိုသာ ခန့်အပ်ဖွယ်ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly