အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နယူးယောက်မာရသွန်ပြိုင်ကို လုံခြံုရေးတင်းကြပ်စွာဖြင့် ကျင်းပရန်စီစဉ်

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နယူးယောက်မာရသွန်ပြိုင်ကို လုံခြံုရေးတင်းကြပ်စွာဖြင့် ကျင်းပရန်စီစဉ်

 

နယူးယောက်၊ နို၀င်ဘာ ၂ ။                ။ ပြီးခဲ့သောအင်္ဂါနေ့က နယူးယောက်မြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သော်လည်း နယူးယောက်စီးတီး မာရသွန်ပြိုင်ပွဲကို နဂိုစီစဉ်ထားသည့်အတိုင်း ကျင်းပမည်ဖြစ်သလို လုံခြံုရေးတင်းကြပ်စွာချထားမည်ဖြစ်ကြောင်း အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။

လွန်ခဲ့သော ၂၀၁၀ ခုနှစ် မတ်လကတည်းက အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေခဲ့သော ဥဇဘတ်လူမျိုး ရွှေ့ပြောင်းနေထိုင်သူတစ်ဦးဖြစ်သည့် အသက် ၂၉ နှစ်အရွယ်ရှိ ဆေဖူလိုဆိုင်းပေါ့ဗ်ဆိုသူသည် ငှားရမ်းမောင်း နှင်လာသော ပစ်ကပ်ကားတစ်စီးနှင့် မန်ဟတ်တန်အရပ်မှ ဟတ်ဆန်မြစ်ကမ်းနဘေး လမ်းတစ်လျှောက်ရှိ လူအုပ်ကြီးကို အရှိန်နှင့်ဝင်တိုက်ခဲ့သောကြောင့် ၈ ဦးထက်မနည်းသေဆုံးပြီး ၁၁ ဦးခန့် ဒဏ်ရာရရှိခဲ့ရသည်။

အင်္ဂါနေ့တွင်ဖြစ်ပွားခဲ့သော ယင်းဖြစ်ရပ်နှင့်ပက်သက်သည့် စုံစမ်းစစ်ဆေးမှုများအကြောင်းအား သတင်းစာရှင်း လင်းပွဲလုပ်၍ အသေးစိတ်ပြောကြားခဲ့စဉ်တွင် နယူးယောက်မြို့တော်ဝန် အန်ဒရူးကူအာမိုက ကမ္ဘာကျော် မာရသွန်ပြိုင်ပွဲကို နဂိုစီစဉ်ထားသည့်အတိုင်း လာမည့်နို၀င်ဘာလ ၅ ရက် တနင်္ဂနွေနေ့တွင် ကျင်းပသွားမည် ဟု ပြောခဲ့သည်။

နယူးယောက်ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိဖြစ်သူ ကားလို့စ်ဂိုမက်ဇ်က အဆိုပါမာရသွန်ပြိုင်ပွဲသို့ ၀င်ပြိုင်မည့် ပြိုင်ပွဲဝင်အရေအတွက် ၅၂၀၀၀ ခန့်အထိရှိကြောင်းနှင့် ပြိုင်ပွဲမကျင်းပမီအချိန်တွင် လူပေါင်း ၂.၅ သန်းခန့် သည် လမ်းမကြီးများပေါ်၌ ရှိနေမည်ဖြစ်ကြောင်း ပြောခဲ့သည်။

“ဘေးကင်းတဲ့ပြိုင်ပွဲဖြစ်အောင် လုပ်ဆောင်သွားမှာပါ” ဟု ရဲတပ်ဖွဲ့၏အကြီးအကဲက ပြောခဲ့သလို အင်္ဂါနေ့က ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပွားအောင် ယာဉ်များကိုတားဆီးသည့် ဘလောက်တုံးများ ချထား မည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ဒါ့အပြင် မာရသွန်ပြိုင်ပွဲကျင်းပသည့်နေ့၌ လက်နက်အပြည့်တပ်ဆင်ထားသော အထူးရဲတပ်ဖွဲ့များနှင့် လက်ဖြောင့်သေနတ်သမားများကို တပ်ဖြန့်ချထားမည်ဟု ဂိုမက်ဇ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly