စစ်တွေဆေးရုံမှ ဆရာဝန်ကို ရိုက်နှက်ခဲ့သည့် တက္ကသိုလ်ကထိကနှင့် အပေါင်းအပါတို့အား အမှုဖွင့်

စစ်တွေဆေးရုံမှ ဆရာဝန်ကို ရိုက်နှက်ခဲ့သည့် တက္ကသိုလ်ကထိကနှင့် အပေါင်းအပါတို့အား အမှုဖွင့်
စစ်တွေပြည်သူ့ဆေးရုံ (ဓာတ်ပုံ - နောင်နောင်/RiA)

 

စစ်တွေ၊ နိုဝင်ဘာ ၂ ရက်။          ။ လူနာအား လာရောက်တွေ့ခွင့်တောင်းရာမှ အချင်းများခဲ့ပြီး တာဝန်ကျ ဆရာဝန်ကို ရိုက်နှက်ခဲ့ကြသည့် စစ်တွေတက္ကသိုလ် ကထိက ဆရာတစ်ဦးနှင့် အပေါင်းအပါတို့ကို စစ်တွေရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားသည်ဟု စစ်တွေမြို့နယ် ပြည်သူ့ ဆေးရုံကြီး အထွေထွေကုသရေးဦးစီးဌာန ဆေးရုံအုပ် ဒေါက်တာကျော်နိုင်ဝင်းက ပြောသည်။

“အဲဒီဆရာဝန်က သွားပြီးရှင်းပြတာပါ။ အဲဒီမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတော့ သူတို့က ၀ိုင်းပြီး ကန်ကျောက်ကြတာ။ လူ ၄ ယောက် လာတာမှာ  ၃ ယောက်က ၀ိုင်းရိုက်တယ်။ နောက် တစ်ယောက်က ဘယ်ပျောက်သွားမှန်းမသိဘူး။ ဒါကြောင့် အဲဒီ ၃ ယောက်ကိုပဲ အမှုဖွင့်လိုက်တာ။ နဖူးတွေ၊ လက်မောင်းတွေ၊ ဒူးတွေမှာ နာကျင်ဒဏ်ရာတွေရသွားတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး။”

အောက်တိုဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က စစ်တွေတက္ကသိုလ် မှ ကထိက တစ်ဦးနှင့် အပေါင်းပါတို့မှာ စစ်တွေဆေးရုံတွင် ကုသခံယူနေသည့် ၎င်းတို့နှင့် ဆွေမျိုးတော်စပ်သူ လူနာအား လာရောက် တွေ့ဆုံရန် ကြိုးပမ်းခဲ့သည်ဟု ဆေးရုံအုပ် ဒေါက်တာကျော်နိုင်ဝင်းက RiA သို့ ပြောသည်။

ဧည့်တွေ့ချိန်လွန်နေပြီ ဖြစ်သဖြင့် ဝင်ခွင့်မရှိကြောင်းနှင့် တံခါးကို ဖွင့်မပေးနိုင်ဟု တာဝန်ကျ ဆရာဝန်က ဖြေရှင်းရာမှ ယင်းသို့ ရိုက်နှက်မှု ဖြစ်ပေါ်လာခဲ့ခြင်းဟု ဆိုသည်။

“ သူတို့က ညဉ့် ၁၀ နာရီကျော်တော့မှ လူနာလာတွေ့တယ်ဆိုတော့ အဲဒီအချိန်က လူနာတွေ့ချိန် ပိတ်သွားပြီးလေ။ ပြီးတော့ လူနာဘေးနားမှာလည်း လေးငါးယောက်လောက်   စောင့်အိပ်မယ့်သူ ရှိသေးတယ်။ တကယ်ဆို လူနာစောင့်ဖို့ ၂ ယောက်ပဲ ခွင့်ပြုတာပါ။ ဆေးရုံဂုဏ်သိက္ခာအတွက် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားလိုက်ပါတယ်။” ဟု ဆေးရုံအုပ်က ပြောသည်။

ထိုသို့ ရိုက်နှက်ခဲ့မှုအတွက် အောက်တိုဘာလ ၃၀ ရက်နေ့တွင် စစ်တွေမြို့ အမှတ် (၁) ရဲစခန်း၌ ဆေးရုံအုပ်ကြီး ဦးရွှေသိန်းက တရားလိုလုပ်ကာ အမှုဖွင့် တိုင်ကြားခဲ့ကြောင်းနှင့် ရိုက်နှက်ခံရသူ ဆရာဝန်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်စရာ မရှိတော့ဟု သိရသည်။

ယခုကိစ္စနှင့် ပတ်သက်၍ စစ်တွေ အမှတ် (၁ ) ရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၂၅၆/၃၂၃/ ၃၃၁/၁၁၄ တို့ဖြင့် အမှုဖွင့် ခံထားရသည့် စစ်တွေတက္ကသိုလ်မှ ကထိက တစ်ဦးကို ဆက်သွယ်မေးမြန်းနိုင်ရန် ၎င်း၏ လက်ကိုင်ဖုန်းသို့ နိုဝင်ဘာလ ၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်မှ စတင်ကာ ညနေ ၆ နာရီအတွင်း အကြိမ်ပေါင်း မြောက်မြားစွာ ဆက်သွယ်ခေါ်ဆိုခဲ့ပါသော်လည်း ဆက်သွယ်မရခဲ့ပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly