သေကြောင်းကြံသေဆုံးခဲ့သည်ဆိုသော မြန်မာအိမ်ဖော်အမှု ထိုင်းမှုခင်းတပ်ဖွဲ့ ပြန်လည်စစ်ဆေး

သေကြောင်းကြံသေဆုံးခဲ့သည်ဆိုသော မြန်မာအိမ်ဖော်အမှု ထိုင်းမှုခင်းတပ်ဖွဲ့ ပြန်လည်စစ်ဆေး

 

နိုဝင်ဘာ ၁ ။                 ။ ထိုင်းနိုင်ငံ အနောက်ပိုင်းခရိုင်တစ်ခုဖြစ်တဲ့ Ratchaburi မှာ မြန်မာအိမ်ဖော်တစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပြီး ယင်းအမှုမှာ ၎င်းမိန်းကလေးငယ်ဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားတယ်ဆိုပြီး ခရိုင်ရဲတွေက အစောပိုင်းတုန်းက အမှုပိတ်သိမ်းထားခဲ့ပေမယ့် ယခုအခါမှာတော့ ယင်းပိတ်သိမ်းထားတဲ့ အမှုကို ထိုင်းမှုခင်းတိုက်ဖျက်ရေးအထူးအဖွဲ့ CSD က အဖွဲ့ဝင်တွေပါ၀င်တဲ့ အဖွဲ့နှစ်ခုက ပြန်လည်စုံစမ်းစစ်ဆေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။

ယခုအခါ သေဆုံးသွားတဲ့ အိမ်ဖော်မလေးရဲ့ မိခင်နဲ့ အမဖြစ်သူတို့ရဲ့ ပန်ကြားမှုကြောင့် ယင်းအမှုကို ပြန်လည်စစ်ဆေးနေတာဖြစ်ကြောင်း CSD အဖွဲ့ခွဲ ၅ မှ ရဲအရာရှိကြီးတစ်ဦးဖြစ်တဲ့ ရဲမှူးကြီး Phumin Phmphanmuang က ပြောပါတယ်။

Ratchaburi ခရိုင် Ban Pong ဒေသက နေအိမ်တစ်အိမ်မှာ အသက် ၁၇ နှစ်အရွယ် Paopiew ဆိုသူ မြန်မာအိမ်ဖော်ဟာ သူမကိုယ်သူမ သေနတ်နဲ့ပစ် သေကြောင်းကြံသွားတယ်ဆိုပြီး ခရိုင်ရဲတပ်ဖွဲ့က ကောက်ချက်ချအမှုပိတ်သိမ်းခဲ့တဲ့ ကိစ္စမှာ သံသယဖြစ်မိကြောင်း မိခင်ဖြစ်တဲ့ အသက် ၄၇ နှစ်ရှိ Pala နဲ့ အစ်မဖြစ်သူ အသက် ၂၂ နှစ်အရွယ် Lulwa တို့က CSD ဆီ တင်ပြတိုင်တန်းခဲ့ပါတယ်။

အဆိုပါ မြန်မာအိမ်ဖော်မလေးကိုတော့ ပြီးခဲ့တဲ့ သြဂုတ် ရ ရက်က သူမအလုပ်လုပ်တဲ့ Ban Pong က နေအိမ်မှာ သေဆုံးလျက်သား တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူမကိုတော့ နားထင်မှာ 9mm ပစ်စတို တစ်လက်နဲ့ ပစ်ထားတဲ့ သေနတ်ဒဏ်ရာတစ်ချက်နဲ့ သေဆုံးလျက်သား တွေ့ရှိရတာဖြစ်ပါတယ်။

ယင်းနောက် သူမဟာ သေနတ်ကို အလုပ်ရှင်ဆီကနေ ခိုးပြီး ကိုယ့်ကိုယ်ကိုယ်ပစ်သွားခဲ့တယ်လို့ Ratchaburi ခရိုင် ရဲတွေက သုံးသပ်ကောက်ချက်ချခဲ့ပါတယ်။

ဒါပေမယ့် ယင်းသုံးသပ်ချက်ကို ရှေ့နေတစ်ဦးဖြစ်တဲ့ Ronnarong Kaewphet က မေးခွန်းထုတ်ခဲ့ပြီး အမှုမှာ သံသယဖြစ်စရာ အချက်တွေအများကြီး ရှိနေတယ်လို့ ဆိုပါတယ်။

၎င်းရဲ့ အဆိုအရ သေဆုံးသွားတဲ့ မိန်းကလေးဟာ ဘယ်သန် ဖြစ်ပြီး သေနတ်ဒဏ်ရာအနေအထားက ညာဘက်လက်နဲ့ပစ်ထားတဲ့ အနေအထားဖြစ်နေတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ယင်းမိန်းကလေးဟာ ပစ်စတို လုံခြံုရေး ချိတ်ကို ဘယ်လိုဖွင့်ရမလဲဆိုတာကို ဘာကြောင့် သိနေခဲ့တာလဲဆိုပြီး သံသယဖြစ်မိတယ်လို့ ယင်းရှေ့နေက ပြောပါတယ်။

ယခုကိစ္စမှာ မြန်မာသံရုံးတာဝန်ရှိသူတွေရော၊ မိန်းကလေးငယ်ရဲ့ မိခင်တို့ဟာလည်း Ratchaburi ရဲတွေဆီကနေ အပြည့်အဝ ထောက်ပံ့ကူညီမှုမရခဲ့ဘူးလို့ Ronnarong က ပြောပါတယ်။

ယခုအခါမှာတော့ CSD အရာရှိတွေပါတဲ့ ပထမအဖွဲ့တစ်ခုကို အမှုနဲ့ပတ်သက်လို့ သက်သေတွေ ရဖို့ အခင်းဖြစ်ပွားရာနေရာကို ပြန်လည်သွားရောက် စစ်ဆေးခိုင်းထားပြီး နောက်အဖွဲ့တစ်ခုကလည်း သက်ဆိုင်ရာ ခရိုင်ရဲစခန်းကနေ တင်ပြထားတဲ့ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို ပြန်လည်သုံးသပ်စစ်ဆေးသွားမှာဖြစ်ကြောင်း Phumin က ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly