အရိုးရောဂါ သိစရာ (အပိုင်း ၁)

အရိုးရောဂါ သိစရာ (အပိုင်း ၁)

ရန်ကုန် ဆေးတက္ကသိုလ် (၂) အရိုးရောဂါဌာန၊ ပါမောက္ခ ဒေါက်တာ ဦးမြတ်လွင်နှင့် တွေ့ဆုံခြင်း အပိုင်း(၁)

မင်္ဂလာပါ မဇ္ဈိမ ပရိသတ်များခင်ဗျာ။ 4R Health Talk အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ကျွန်တော်တို့ ဒီနေ့ ပုံမှန် တင်ဆက်နေကျ အပတ်စဉ် တင်ဆက်နေတဲ့အတိုင်းပဲ အရိုးဆရာဝန်ကြီး ဖြစ်တဲ့ ဆရာကြီး ဦးမြတ်လွင် ၊ ဆရာကြီးဟာဆိုရင် ရန်ကုန် ဆေးတက္ကသိုလ် (၂ )ရဲ့ ပါမောက္ခလည်း ဖြစ်ပါတယ်။ အရိုးရောဂါ ပညာဌာနကလည်း ဖြစ်ပါတယ်။ မဇ္ဈိမ ပရိသတ်တွေအနေနဲ့ ဒီ အရိုးနဲ့ ပတ်သက်တာတွေကို တိုက်ရိုက် မေးမြန်းနိုင်ပါတယ်။ ပထမဆုံး ဆရာကြီးကို ကျွန်တေ်ာ မေးချင်တာက မြန်မာနိုင်ငံမှာ အရိုးနဲ့ ပတ်သက်တယ်ဆိုရင် ၊ ဝေါဟာရတွေ တော်တော်များများကို ဆရာကြီးတို့အနေနဲ့ ပြောပြထားတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ သာမန်လူတွေအနေနဲ့လည်း နားလည်ရခက်ခဲ့တဲ့ အရာတွေလည်း ဖြစ်ပါတယ်။ အဲဒီတော့ ဝေါဟာရတွေက ဘာလဲဆိုရင် အရိုး၊ အကြော၊ အဆစ် ၊ ခွဲစိတ် ဆရာဝန် ၊  ပြီးလို့ရှိရင် အရိုးအကြော ပြန်လည်သန်စွမ်းရေး ဆရာဝန် ၊ ပြီးတော့ အရိုးအကြောအဆစ် သမားတော် ဆိုပြီးတော့ ၊ ဝေါဟာရတွေ အများကြီး ဖြစ်နေတာပေါ့နော်။ အဲဒီတော့ ဆရာကြီးအနေနဲ့ ဒီဝေါဟာရတွေကို နည်းနည်းလောက် ရှင်းပြပေးလို့ရမလားခင်ဗျာ။

ဖြေ။   ။ ဟုတ်ကဲ့။ အင်္ဂလိပ်လိုဆိုရင်တော့ ရှင်းပါတယ်။ အရိုး၊ အကြော ခွဲစိတ်ဆရာဝန်ပေါ့။ နောက် အရိုး၊ အကြော၊ အဆစ် သမားတော်ဆိုတာက ၊ များသောအားဖြင့် အဆစ်အရောင် ရောဂါတွေကို ဆေးကုတဲ့ သမားတော်တွေပါ။ နောက် အရိုး၊ အကြော၊ အဆစ် ပြန်လည်သန်စွမ်းရေးဆိုတာကတော့ ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းလုပ်ပေးတဲ့ ဆရာဝန်လည်းရှိတယ်။ ဆရာဝန်မဟုတ်ဘဲ လေ့ကျင့်ခန်းကို ၊ ကိုယ်တိုင်လုပ်ပေးတဲ့သူတွေလည်း ရှိတယ်။ နည်းနည်းနားလည် အောင် ပြောရမယ်ဆိုရင် ကျွန်တော်တို့က ခွဲပြီးတော့ ကုတာပေါ့နော်။ အဓိက ကျွန်တော်တို့ ကုတာ တွေက အာရုံကြော၊ အကြောရိုးမကြီးရှိမယ်၊ လက်နှစ်ချောင်း၊ ခြေနှစ်ချောင်း၊ ခန္ဓာကိုယ်မှာရှိတဲ့ အရိုးနဲ့ပတ်သက်တာတွေမှာဖြစ်တဲ့ အရိုးကျိုးတဲ့ဟာ ၊ ထိခိုက်ဒဏ်ရာရတဲ့ဟာတွေကို အဓိကကုတယ်။ ပြီးရင် အဲဒီမှာဖြစ်တဲ့ အရိုးနဲ့ပတ်သက်တာတွေကို အများဆုံး ကုတယ်။ အဖြစ်များတာကတော့ ထိခိုက် ဒဏ်ရာကို အများဆုံး ကုပါတယ်။

မေး။   ။ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်။ မဇ္ဈိမ ပရိသတ်များလည်း အရိုးနဲ့ ပတ်သက်ပြီးတော့ မေးချင်တာရှိရင် မေးပါ။ ကျွန်တော် ဆရာကြီးကို တိုက်ရိုက်မေးမြန်းပေးပါမယ်။ မေးမြန်းကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ ဆရာကြီးခင်ဗျာ။ စောစောက ဆရာကြီးပြောသွားတဲ့ထဲမှာ အရိုးနဲ့ပတ်သက်တာ အမျိုးမျိုးပေါ့နော်။ ပြန်လည်သန်စွမ်းရေးရှိမယ်။ အရိုးကျိုးတာရှိမယ်၊ ဆေးကုတဲ့ သမားတော်တွေ ရှိမယ်ပေါ့နော်။ အရိုးနဲ့ပတ်သက်ပြီးတော့လည်း ဒါ အမျိုးမျိုး ကွဲပြားနေတာပေါ့နော်။ ဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ အဖြစ်များတဲ့ အရိုးနဲ့ပတ်သက်တဲ့ ရောဂါတွေက ဘာတွေများ အဖြစ်များမလဲ ခင်ဗျာ။

ဖြေ။   ။ ရောဂါဆိုတဲ့နေရာမှာ ခန္ဒာကိုယ် အသက်အရွယ်ကြောင့် ၊ ဒါမှမဟုတ်ရင် ပိုးကြောင့်၊ အနေအထိုင်မှားတာကြောင့် ၊ အရိုးနဲ့ပတ်သက်တာကျတော့ ကျွန်တော်တို့က ထိခိုက်ဒဏ်ရာ ရောဂါ တစ်ခုလို့ သတ်မှတ်လို့ ရတယ်လေ။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာပြည်လိုမျိုး ဖွံ့ဖြိုးဆဲတိုင်းပြည် တွေမှာ ကားတွေကလည်းကျပ်တယ်၊ လမ်းတွေကလည်းကျပ်တယ်၊ ထိခိုက်ဒဏ်ရာတွေကလည်း များတယ်။ အရိုးနဲ့ပတ်သက်ပြီးတော့ အများဆုံးကတော့ ထိခိုက်ဒဏ်ရာပဲ။ နောက်ထပ် တခြား များတာကတော့ နာတာပေါ့။ ကျွန်တော်တို့ အရိုးဆရာဝန်တွေကို လူနာတွေ အရင်ပြတဲ့ လက္ခဏာ တွေမှာဆိုရင် အဓိက သိပ်များများမရှိဘူး။ အဓိက လေးခုပဲရှိတယ်။ ကျွန်တော်တို့ဆီကို နာလို့လာပြ မယ်၊ အစိတ်အပိုင်းက ရောင်လာလို့ ကြီးလာလို့ရှိရင် လာပြမယ်။ လမ်းမလျှောက်နိုင်ဘူးဆိုရင် လာပြ မယ်။ အဲဒီထဲမှာမှ အများဆုံးက နာလို့ လာပြကြတာ။ မြန်မာပြည်မှာ ကျွန်တော်အတွေ့အကြံုအရ အများဆုံးကတော့ ခါးနာတာနဲ့ ဒူးနာတာပါ အဲဒါက အများဆုံးပါပဲ။

မေး။   ။ ဟုတ်ကဲ့ပါ။ ခုနကပြောတဲ့အထဲမှာ ထိခိုက်ဒဏ်ရာရပြီးတော့မှ ဖြစ်လာတဲ့ဟာကျတော့ ထိခိုက်ဒဏ်ရာ ရတဲ့အခါမှာ ၊ ထိခိုက်ဒဏ်ရာဆိုတာက ကျွန်တော်တို့ သာမန်လူတွေ သွားမြင်လို့ရှိရင် ယာဉ်တိုက်မှု ဖြစ်တာမျိုးတို့ပေါ့။ အဲဒီလိုမျိုး ဖြစ်တာတွေက ဘယ်လို Case တွေမှာ အဖြစ်များလဲ။

ဖြေ။   ။ ထိခိုက်ဒဏ်ရာဆိုတဲ့နေရာမှာ အများစုက ကားတိုက်မှုဖြစ်မှ ထိခိုက်ဒဏ်ရာပေါ့။ အဲဒီလို မဟုတ်ဘူးခင်ဗျ ။ ကျွန်တော်တို့ အိမ်ထဲမှာ နေရင်းနဲ့မှ အသက်ကြီးလာလို့ အသက် ရ၀ ကျော် အမေကြီးတစ်ယောက်ကပေါ့ ၊ ဥပမာတစ်ခုအနေနဲ့ ကျွန်တော် ပြောပြပါ့မယ် ဒါကလည်း ကျွန်တော် အတွေ့အကြံုပါပဲ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က သီတင်းကျွတ် လပြည့်တစ်နေ့မှာ ကလေးတွေက အပြင်ကို ထွက်လည်ကြတယ်။ ပြန်လာတော့ အဖွားက တံခါးဖွင့်ပေးတော့ ကလေးတွေက ဝမ်းသာ အားရနဲ့ အဖွားကို ပြေးဖက်တော့ ၊ အဖွားကြီးဖြစ်သူက ချော်လဲသွားတယ်။ လဲသွားတဲ့အချိန်မှာ ပေါင် က နည်းနည်း မျက် သွားတယ်။ ဒါပေမယ့် သူက အဲဒါကို သတိမထားဘူး။ သတိမထားဘဲနဲ့ အိမ်သာ ကို သွားလိုက်တယ်။ ဆီးသွားပြီးတော့ ပြန်ထတဲ့အချိန်မှာ ပြန်ထလို့မရတော့ဘူး။ အဲဒီတော့မှ ဆေးရုံ ကို ရောက်လာတယ်။ အဲဒါကလည်း ထိခိုက်ဒဏ်ရာပဲလေ။ အဖြစ်အများဆုံးက အဲဒါပဲ။ အပြင်မှာကျ တော့ ဖြစ်ဖို့က ခဲယဉ်းတယ်။ ဖြစ်ရင်လည်း ပမာဏ မတူဘူးပေါ့နော်။ ကျွန်တော်တို့ကိုယ်တိုင်ကိုက တစ်ချိန်မှာ ဆေးရုံတွေမှာ တာဝန်ထမ်းခဲ့တယ်။ အသက်ကြီးတဲ့အခါမှာ ချော် လဲတယ် အိပ်ယာထဲမှာ တစ်လလောက် နေပြီးတော့မှ ဆေးရုံကိုရောက်လာတယ် ။ ပေါင်ထိပ််ရိုး ကျိုးတာကို မသိဘူး။ အဲဒီလိုဟာမျိုးလေးတွေပေါ့။ ထိခိုက်ဒဏ်ရာလို့ ဆိုတဲ့နေရာမှာ အကြီးကြီးတွေကို မစဉ်းစားပါနဲ့။ အိမ်အတွင်းထဲမှာ ချော်လဲ ရင်လည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက ထိခိုက်ဒဏ်ရာမှာ အရေးကြီး ဆုံးက ၊ ပထမဦးဆုံးမှာ ကုသမှုက အရေးကြီးဆုံးပါ။ ပထမဦးဆုံး ကုသမှုမှန်ရင် ပျောက်တာလည်း မြန်တယ်။ ပြန်ပြီးတော့ နဂိုအတိုင်းပြန်လှုပ်ရှားနိုင်တဲ့ အနေအထားမျိုးတွေလည်း အများကြီးရှိပါတယ်။

မေး။   ။ အဲဒီတော့ ဆရာကြီးခင်ဗျာ။ ခြံုပြီးတော့ ပြောရလို့ရှိရင် အရိုးရောဂါနဲ့ ပတ်သက်လို့ရှိရင် အရိုးကျိုးတာတို့ ဘာတို့လို့ ရှင်းထားတာ အသက်ကြီးတဲ့သူတွေမှာမှ အဖြစ်များတယ်လို့ ဆိုလိုချင်တာ လား။

ဖြေ။   ။ ဟုတ်ပါတယ်။ အသက်ကြီးတဲ့သူ အထူးသဖြင့် အမျိုးသမီးပေါ့နော်။ အရိုးနဲ့ပတ်သက်ပြီး တော့ ဒီမေးခွန်းလေးကို ဖြေဖို့အတွက် ၊ ကျွန်တော် လူတွေရဲ့ သဘာဝလေးကို နည်းနည်းလေး ပြောပြချင်ပါတယ်။ လူ့သဘာဝက မွေးလာတယ် တဖြည်းဖြည်းကြီးလာတယ် ၊ အသက်အရွယ်ရလာ တယ် ၊လူတစ်ယောက်ရဲ့ အရိုးကြံ့ခိုင်မှုက ဘယ်အပေါ်မှာ မူတည်လဲဆိုတော့ ၊ အဲဒီလူရဲ့ လှုပ်ရှားမှု၊ ဘယ်လို နေထိုင်စားသောက်တယ် ၊ နောက်ပြီးတော့ လေ့ကျင့်ခန်းတွေဘာတွေ မှန်မှန်လုပ်သလား အဲဒီအပေါ်မှာ မူတည်တယ်။ အဲဒီတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရိုးက ကြီးထွားလာတာနဲ့အမျှ အရိုး ရဲ့ပမာဏကလည်း များလာတယ်။ အဲဒီပမာဏက အသက်ဘယ်လောက်ထိ များလာသလဲဆိုရင် ၃၅ နှစ်လောက်ထိ များတယ်။ ၃၅ နှစ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ ရှိသင့်ရှိထိုက်တဲ့ အများဆုံး အရိုးပမာဏ ကို ရောက်သွားပြီ ၊ အဲဒီလိုရောက်သွားပြီး အတိုင်းအတာတစ်ခုအထိ နေထိုင်ပြီး ၊ အမျိုးသမီးတွေ ဆိုရင် သွေးဆုံးပြီးတဲ့အခါ ၊ အဲဒီအရိုးပမာဏက လျော့သွားတယ်။ ယောကျ်ားတွေဆိုရင်တော့ သူတို့ ထက်ပိုပြီး နောက်ကျမှ လျော့သွားတယ်။ မြန်မာပြည်ကလူဆိုရင် အသက် ၆၀-၇၀ ရောက်ပြိီဆိုရင် လူတိုင်းလိုလိုဟာ အရိုးပွ ဖြစ်ဖို့များပြီ။ အဲဒီအရွယ်တွေ ချော်လဲမယ်ဆိုရင် ဂရုစိုက်ဖို့လိုပါတယ်။

မေး။   ။ ခုနက ဆရာကြီးပြောသွားတဲ့အထဲမှာ အစားအသောက်ဆိုတာလည်း ပြောသွားတယ်။ လူနေမှုပုံစံ လေ့ကျင့်ခန်းလုပ်သလား၊ ကိုယ်လက်လှုပ်ရှားမှုများသလား၊ ဒါမှမဟုတ် အစားအသောက် ဘယ်လိုစားစား အရိုးနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တယ်ဆိုတော့ ၊ ဒီမှာ စိတ်ဝင်စားစရာပဲ ။ တစ်ယောက်မေးလာတာက ရပ်ကွက်ထဲမှာ ပြောနေကြတာပေါ့ ၊ ဟင်းချိုမှုန့်စားရင် အရိုးပွတာ ဖြစ်တယ် ပေါ့နော်။ သူကလည်း မေးလာပါတယ်။ ဟင်းချိုမှုန့်စားရင် အရိုးပွတယ်လို့ ပြောပါတယ်တဲ့ အဲဒါ မှန်ပါ သလား တဲ့။

ဖြေ။   ။ ဟင်းချိုမှုန့်စားလို့ အရိုးပွတယ်ဆိုတာကတော့ တိုက်ရိုက် ကျွန်တော်တို့ မတွေ့ဖူးသေးဘူး။ ဒါပေမယ့် ဟင်းချိုမှုန့်စားရင်တော ကျန်းမာရေးကို ထိခိုက်နိုင်တယ် ၊ အဓိကက ဘာဖြစ်နိုင်လဲဆိုတော့ လူအရမ်းဝလာတာတို့ သွေးတိုးတာတို့ ဆီးချိုဖြစ်တာတို့ပေါ့။ တကယ်လို့ ဆီးချိုဖြစ်လာပြီဆိုရင်တော့ ဆီးချိုရဲ့ သဘာဝကြောင့် အဲဒီလူရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရိုးက ပွလာတယ် ၊အဲဒီတော့ ဟင်းချိုမှုန့် စားလို့ အရိုးပွတယ်လို့တော့ တိုက်ရိုက် ပြောလို့မရပေမယ့် ၊ ဟင်းချိုမှုန့် အလွန်အကျွံစားတာတော့ မကောင်းဘူးလို့ ကျွန်တော်က ပြောချင်ပါတယ်။

မေး။   ။ ဟုတ်ကဲ့ပါ။ အရိုးပွတယ်ဆိုတဲ့ အဓိက အကြောင်းအရင်းက ဘာများဖြစ်မလဲ ဆရာကြီး။

ဖြေ။   ။ အရိုးပွတာက အသက်ကြီးလာရင် အရိုးပွတာက သဘာဝပဲ။ အဲဒီသဘာဝကို ကျွန်တော်တို့ က လွန်ဆန်လို့မရဘူး။ လွန်ဆန်လို့မရတော့ စောစောက ကျွန်တော်ပြောတဲ့အထဲမှာ ပါပါတယ်။ အသက် ၃၅ နှစ် မတိုင်ခင်အရွယ်မှာ အစားအသောက်ကို မှန်မှန်စားဖို့လိုတယ်။ အစားအသောက်ဆိုတဲ့နေရာမှာ ကျွန်တေ်ာတို့က အဓိကစားတာက အရည်ဓာတ်၊ အသားဓာတ်၊ အဆီဓာတ် ဆိုပြီးရှိတယ်။ နောက်ပြီးတော့ ဗိုက်တာမင်စီ လို့ ခေါ်တဲ့ သတ္တုဓာတ်တွေရှိတယ်။ ဒီဟာတွေကို တတ်နိုင်သလောက် မျှှမျှတတ စားဖို့လိုပါတယ်။ တအားကောင်းတဲ့ဟာတွေ စျေးကြီး တဲ့အစားတွေ စားဖို့မလိုပါဘူး။ ပုံမှန်တွေ့နေတဲ့ အစားအစာတွေကို လတ်လတ်ဆတ်ဆတ် အစား အစာတွေကို မျှမျှတတနဲ့ စားဖို့ပဲ လိုအပ်တာပါ။ နောက်တစ်ခုက လှုပ်ရှားမှုတစ်ခု ရှိရမယ်ပေါ့။ အခုလူတွေ နယ်တွေမှာတော့ တော်တော်များများက မော်တော်ဆိုင်ကယ် ပေါတဲ့အရပ်တွေမှာနော်။ အဲဒီတော့ လှုပ်ရှားမှု များများလုပ်ပေးဖို့လိုပါတယ်။ ကျွန်တော့်အမြင်ကတော့ ကျွန်တော်လူနာတွေကို အကြံပေးလေ့ရှိတယ်။ အနည်းဆုံး တစ်နေ့ကို ၁ နာရီခွဲလောက် လမ်းလျှောက်တဲ့အချိန် ရှိရမယ်။ တစ်နေ့တာကို ပေါင်းလိုက်ရင် တစ်နာရီခွဲလောက် ရှိဖို့ လိုတယ်ပေါ့။ ဘယ်အစားအစာလို့ ကျွန်တော် အတိအကျ ပြောရင်လည်း အများကြီးပဲလေ ၊ အဓိက မျှမျှတတ စားနိုင်ရင် လေ့ကျင့်ခန်းလည်း လုပ်မယ်ဆိုရင် ၊ အသက်အရွယ် ရောက်တဲ့အခါမှာ ကိုယ်ရှိသင့်ရှိထိုက်တဲ့ အရိုးပမာဏ များများရှိ မယ်။ အဲဒီလို များများရှိတဲ့အခါမှာ အသက်ကြီးလာလို့ အရိုးကို အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်မယ်ဆိုရင် အရိုးပွပြီး ကျိုးတာကို ထိန်းနိုင်တယ်ပေါ့။   ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required