မြောက်ကိုရီးယားခြိမ်းခြောက်မှုရှိနေသော်ငြား နျူလက်နက်များ ထုတ်လုပ်ရန် အစီအစဉ်မရှိဟု တောင်ကိုရီးယား ပြော

မြောက်ကိုရီးယားခြိမ်းခြောက်မှုရှိနေသော်ငြား နျူလက်နက်များ ထုတ်လုပ်ရန် အစီအစဉ်မရှိဟု တောင်ကိုရီးယား ပြော

 

နိုဝင်ဘာ ၁ ။               ။ အိမ်နီးချင်း မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသော်ငြား တောင်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက်ကိရိယာများ ထုတ်လုပ်သွားဖို့ အစီအစဉ်မရှိကြောင်း ယင်းနိုင်ငံ၏ သမ္မတ မွန်ဂျေအင်းက ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်ပြောဆိုလိုက်သည်။

"နျူကလီးယားလက်နက်ပိုင် နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့ မြောက်ကိုရီးယားတို့ ကြိုးစားလုပ်ဆောင်နေတာကို လက်ခံသွားဖို့ မရှိသလို ဒီအတိုင်း ကြည့်နေမှာလည်း မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ကတော့ ကိုယ်ပိုင် နျူကလီးယားလက်နက်တွေတော့ ထုတ်လုပ်ဖို့ အစီအစဉ်မရှိပါဘူး" ဆိုပြီး သမ္မတ မွန်ဂျေအင်းက ပါလီမန် မိန့်ခွန်းတစ်ရပ်မှာ ထည့်သွင်းပြောဆိုသွားသည်။

ပြီးခဲ့သည့် လများအတွင်းက ပြံုယမ်းအာဏာပိုင်များက ယင်းတို့၏ ခြောက်ကြိမ်မြောက်နှင့် စွမ်းအားအမြင့်ဆုံး နျူကလီးယားစမ်းသပ်မှုကို လုပ်ဆောင်ခဲ့သကဲ့သို့ အမေရိကန် ပြည်မကြီးထိပင် ရောက်နိုင်စွမ်းရှိသည့် ဒုံးကျည်များ ပစ်လွှတ်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် အိမ်နီးချင်း တောင်ကိုရီးယားတွင် လုံခြံုရေးအတွက် စိုးရိမ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာနေခဲ့သည်။

ယင်းအတွက်ကြောင့် ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ်က ကိုရီးယားကျွန်းဆွယ်မှ ပြန်လည်ရုပ်သိမ်းသွားခဲ့သည့် အမေရိကန်နျူလက်နက်များကို တစ်ကျော့ပြန် ပြန်လည်ထားရှိရေး   တောင်ကိုရီးယားမီဒီယာများနှင့် အတိုက်အခံ နိုင်ငံရေးသမားများထံမှ တောင်းဆိုမှုများ ရှိနေသည်။

ယခုကဲ့သို့ အမေရိကန် နျူလက်နက်များ ပြန်လည်ချထားရေး အစီအစဉ်ကို အကယ်၍ ၀ါရှင်တန်ဘက်မှ သဘောမတူခဲ့ပါက ဆိုးလ်မြို့တာဝန်ရှိသူများအနေဖြင့် ကိုယ်ပိုင် နျူလက်နက်များကို ထုတ်လုပ်သွားသင့်ကြောင်း အကြံပေးမှုများလည်း ရှိနေသည်။

သို့ရာတွင် ၁၉၉၂ ခုနှစ်က ကိုရီးယားနှစ်နိုင်ငံစလုံး ကြေညာထားခဲ့သည့် ကျွန်းဆွယ်တွင် နျူကင်းစင်ရေး ပူးတွဲကြေညာချက်ကို အခြေခံလိုက်နာပြီး မိမိတို့အစိုးရအနေဖြင့်   ဆောင်ရွက်ရမည်ပင်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတက ပြောသွားသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly