စစ်တွေအနီး မြို့သစ်တစ်ခု ဖော်ဆောင်မည်ဟု ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ပြော

စစ်တွေအနီး မြို့သစ်တစ်ခု ဖော်ဆောင်မည်ဟု ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ပြော
ဓာတ်ပုံ - RiA

 

စစ်တွေ၊ နိုဝင်ဘာ ၁ ရက်။                  ။ ရခိုင်ပြည်နယ်၏ အုပ်ချူပ်ရေးမြို့တော် စစ်တွေအနီးတွင် မြို့သစ် တစ်ခုကို ဖော်ဆောင်သွားမည်ဟု ပြည်နယ် ဘဏ္ဍာရေးအခွန်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

မြို့သစ်စီမံကိန်းကို ဆတ်ရိုးကျချောင်း တစ်ဖက်ကမ်းတွင်ရှိသည့် မြေနေရာများပေါ်တွင် တည်ဆောက် သွားမည်ဖြစ်ကာ လက်ရှိအချိန်တွင် အဆိုပါ ချောင်းကို ဖြတ်ကျော်နိုင်မည့် ကွန်ကရစ် တံတားတစ်စင်းကို တည်ဆောက်လျက်ရှိသည်။

တံတားစီမံကိန်းမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး ယင်းနှစ်တွင်ပင် မြို့သစ် စီမံကိန်းကို စတင်အကောင် ထည်ဖော်နိုင်ရန် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းရှင်များကို ရှယ်ယာ ခေါ်ယူသွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

“ အဲဒီစီမံကိန်းအတွက် အခုကတော့ ချောင်းကို တံတားထိုးနေပါတယ်။ တံတားပြီးမှ ဒါကို အကောင်ထည်ဖော် ဆောင်ရမှာပါ။ အိမ်ရာတွေ၊ ဆေးရုံတွေ အကုန်လုံးပါပါတယ်။ ပုဂ္ဂလိကဆေးရုံတွေ ဖွင့်မယ်ဆိုလဲ နေရာတွေ စီစဉ်ပေးသွား မှာပါ။ စစ်တွေမြို့အပါ၀င် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ရည်ရွယ်ပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။”

လူဦးရေ ၁၄၇,၈၉၉ နေထိုင်လျက်ရှိသည်ဟု ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းက ဖော်ပြထားသည့် စစ်တွေမြို့သည် ယနေ့ အချိန်တွင် ၎င်းခရိုင်အတွင်းရှိ ရသေ့တောင်၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်များ အပါအဝင် ဒေသတည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုများ၊ အလုပ်အကိုင် အခွင့်အလမ်းများ လုံးဝ ရှားပါးနေသည့် ရခိုင်ပြည်နယ် အခြားမြို့နယ်များရှိ   ကျေးလက်ဒေသများမှ   ရွေ့ပြောင်းနေထိုင်လာသူ အများအပြားတို့၏ ပစ်မှတ်လည်း ဖြစ်လာသည်။

ယင်းသို့ ရွေ့ပြောင်းလာရောက်နေထိုင်သူတို့အနေဖြင့် စစ်တွေမြို့၏ ၂၀၁၂ ခုနှစ် ပဋိပက္ခများ အတွင်းက မီးလောင်ပြင်နေရာများတွင် ကျူးကျော်အဖြစ် တဲထိုးနေထိုင်မှုများ ရှိနေပြီး လွန်ခဲ့သည့် ၃ နှစ် (၂၀၁၄ ခုနှစ်) ခန့်မှ စတင်ကာ ပြည်နယ် အစိုးရအဖွဲ့က ၎င်းတို့ကို စစ်တွေနှင့် မနီးမဝေး ရပ်ကွက်များတွင် မြေနေရာများအား အကြိမ်ကြိမ် ဖော်ထုတ်ကာ ဖြေရှင်း ပေးနေရသည်။

ထို့ကြောင့် စစ်တွေအနီး မြို့သစ်တစ်ခု ပေါ်ပေါက်လာပါက ရွေ့ပြောင်းဝင်ရောက်လာသူတို့ အပါအဝင် တိုးပွားလာသည့် လူဦးရေတို့၏ အလုပ်အကိုင် အခွင့်အလမ်းကြပ်တည်းမှုကို တစုံတစ်ရာ ဖြေရှင်းပေးနိုင် လိမ့်မည်ဟု ရခိုင်ပြည်နယ်အစိုးရက ခန့်မှန်းထားသည်။

လက်ရှိအချိန်တွင် မြို့သစ်တည်ဆောက်ရေး၌ ကုန်ကျခံမည့် ငွေကြေးပမာဏနှင့် ပတ်သက်၍ သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်းနှင့် စိစစ်တွက်ချနေဆဲဖြစ်သည်ဟု ရခိုင်ပြည်နယ် ဘဏ္ဍာရေးအခွန်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly