ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး မြန်မာဘက်က အသင့်ပဲလို့ဆို

ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး မြန်မာဘက်က အသင့်ပဲလို့ဆို
(ဓာတ်ပုံ- အီးပီအေ)

နေပြည်တော်(နိုဝင်ဘာ ၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ လွန်ခဲ့သည့် နှစ်လကျော်က စတင်ဖြစ်ပွားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်ရှိနေကြသည့် ဒုက္ခသည်များကို စိစစ်လက်ခံရေးလုပ်ငန်းအတွက် မြန်မာအစိုးရက အဆင်သင့်ရှိနေသည်ဟု နို်င်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အောက်တိုဘာ ၃၁ရက်တွင် ပြောကြားလိုက်သည်။

“ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်ပြီ။ စိစစ်လက်ခံဖို့လည်း အသင့်ဖြစ်ပြီ။ အဲဒီအပေါ်မှာ ဟိုဘက်(ဘင်္ဂလားဒေ့ရှ်)က သဘောတူညီချက်မရသေးဘဲ ဒီအစီအစဉ်တွေ နှောင့်နှေးကြန့်ကြာနေတာဖြစ်တယ်” ဟု ဦးဇော်ဌေးက မီဒီယာများကို ပြောသည်။

လက်ရှိတွင်မူ ၁၉၉၃ခုနှစ်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အတိုင်း စိစစ်လက်ခံသွားရန် မြန်မာအစိုးရက လိုလားသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က လက်မခံသည့်အတွက် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် မစတင်နိုင်သေးဘဲ နှစ်ဖက်ညှိနှိုင်းနေရသည့် အနေအထား ဖြစ်သည်။

ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ကြန့်ကြာနေမည်ကို စိုးရိမ်ကြောင်းလည်း မြန်မာအစိုးရဘက်က ထုတ်ဖော်ပြောကြားခဲ့သေးသည်။

“ဒုက္ခသည်စခန်းမှာထားတယ် ပြောရရင် အဲဒီမှာ နိုင်ငံတကာ ထောက်ပံ့ကူညီမှုတွေလည်းရတယ်။ ရတဲ့ဟာတွေက သူတို့ ဒီလူတွေကို ကျွေးဖို့ အချိန်ကာလပေါ့။ သူတို့ ဘယ်လောက်အထိမှန်းထားလဲပေါ့။ ဥပမာ ကျွန်တော်တို့နဲ့ ပြန်လည်ပြီးတော့ စိစစ်ပြီးတော့ လွှဲပြောင်းပေးဖို့ သူတို့မှာ အခြားစဉ်းစားချက်တွေများရှိမလားပေါ့ ကျွန်တော်တို့က စိုးရိမ်တယ်” ဟု ဦးဇော်ဌေးက ပြောသည်။

“ဒီလိုကြန့်ကြာသွားရင် ဘာအကျိုးဆက်ဖြစ်လာမလဲဆိုတော့ မြန်မာနိုင်ငံကပဲ ဒီလူတွေကို ပြန်လက်မခံချင်လို့ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ (နိုင်ငံတကာက)ယူဆမှာ” ဟုလည်း ဦးဇော်ဌေးက ဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ရက်တွင် ARSA ဟုအမည်ရသည့် အစွန်းရောက်များက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်းပေါင်း အနည်းဆုံး ၃၀ခန့်ကို ဝင်ရောက်တိုက်ခိုက်မှုများ စတင်လုပ်ဆောင်မှုကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ထိုဒေသတွင် နေထိုင်သူများက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသည့် ဒုက္ခသည်အရေအတွက်မှာ လူဦးရေ တစ်သန်းနီးပါးရှိသည်ဟု ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းတစ်ချို့က ရေးသား၊ ပြေဆိုနေကြသည်။ သို့သော် “လက်တွေ့မှာ လုံးဝမဖြစ်နိုင်ဘူး” ဟု ဦးဇော်ဌေးက ပြောသည်။

“မဖြစ်နိုင်တော့ သူတို့ဆီက လူစာရင်းကို ကျွန်တေ်ာတို့ တောင်းထားတယ်။ အဲဒီမှာ လူစာရင်း မြန်မာနိုင်ငံက သွားတယ်ဆိုတဲ့လူစာရင်း ကျွန်တော်တို့ကို ပေးပါလို့ တောင်းထားတယ်။ အခုထိတော့ မရသေးဘူးပေါ့နော်။ အဲဒီလူစာရင်းရပြီဆိုရင် စိစစ်ရတဲ့ လုပ်ငန်းတွေ ပိုအဆင်ပြေမယ်။ ဒီလူတွေ မြန်မာဘက်မှာ နေထိုင်ခဲ့တာ ဟုတ်မဟုတ် ကျွန်တော်တို့ လဝက အထောက်အထားတွေ၊ ဆွဲတင်စစ် အထောက်အထားတွေ ရှိတယ်။ ဒါတွေနဲ့ ပြန်တိုက်ဆိုင်လိုက်ရင် ပိုမြန်မယ်” ဟု ဦးဇော်ဌေးက ပြောဆိုသည်။

လက်ရှိတွင်မူ "ကျွန်တော်တို့ ပြန်လက်ခံမယ် စိစစ်မယ်။ စစ်လို့ ကျွန်တော်တို့ဘက်မှာ နေထိုင်ကြောင်းမှန်ကန်တဲ့ အထောက်အထားတွေရှိရင် ဒီလူတွေကို သူတို့မူလနေရာနဲ့ အနီးဆုံးနေရာ အတက်နိုင်ဆုံး မူလနေရာတွေ ပြန်လည်ပို့ဆောင်ပြီး ရွာတွေ တည်ဖို့ လုပ်နေတယ်" ဟုလည်း ဦးဇော်ဌေးက ပြောသည်။

ယခုလ ၂၄ရက်က နေပြည်တော်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြသေးပြီး အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် အချက်(၁၀)ချက် သဘောတူညီမှု ရရှိခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

သဘောတူညီမှုများတွင် “ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာနိုင်ငံသားများဝင်ရောက်မှုအား ချက်ချင်း ရပ်တန့်ရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား စောနိုင်သမျှ အစောဆုံး ပြန်လည်နေရာချထားရေးအတွက် ရခိုင်ဒေသအတွင်း ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ရန်” ဆိုသည့်အချက်လည်း ပါဝင်သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags