ပရိသတ်တစ်ဦး၏တရားစွဲဆိုမှုနှင့် ရင်ဆိုင်နေရသည့် အဆိုတော် ထရာဗစ်စကော့

ပရိသတ်တစ်ဦး၏တရားစွဲဆိုမှုနှင့် ရင်ဆိုင်နေရသည့် အဆိုတော် ထရာဗစ်စကော့

 

ရက်ပ်အဆိုတော် ထရာဗစ်စကော့၏ပရိသတ်တစ်ဦးက သူသည်ထရာဗစ်စကော့၏ ဖျော်ဖြေပွဲကြောင့် အကြောသေကာ လမ်းလျှောက်၍မရတော့ကြောင်း စွပ်စွဲပြောဆိုခဲ့ပြီး အဆိုတော်အား တရားစွဲဆိုခဲ့သည်။

အသက် ၂၃နှစ်အရွယ်ရှိ ကိုင်လီဂရင်းဆိုသူက သူသည် လွန်ခဲ့သောဧပြီလ ၃၀ ရက်နေ့က Manhattan's Terminal 5 တွင် ကျင်းပခဲ့သော ထရာဗစ်စကော့၏ဖျော်ဖြေပွဲကို ကြည့်ရှုခဲ့စဉ်အတွင်း လသာဆောင်ပေါ်မှ ပြုတ်ကျကာ ယခုလိုအကြောသေသွားခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

သူပြုတ်ကျစဉ်တွင် ထရာဗစ်စကော့သည် နှစ်သိမ့်သည့်အနေဖြင့် လက်စွပ်တစ်ကွင်းပေးဖို့ သူ့အားစင်ပေါ်သို့ ဆွဲခေါ်လာရန် ၀န်ထမ်းများအားပြောကြားခဲ့သောကြောင့် အခြေအနေ ပိုမိုဆိုးရွားသွားခြင်းဖြစ်ကြောင်း ကိုင်လီ ဂရင်းက ပြောခဲ့သည်။

“ရှိုးပွဲထဲမှာ လူတွေဟာ ငပိသိပ် ငချဉ်သိပ်ထားသလိုပါပဲ။ အသက်ရှုဖို့တောင်ခက်ခဲပါတယ်” ဟု သူက နယူးယောက်တိုင်းမ် သတင်းစာသို့ပြောခဲ့သည်။ သူ၏အဆိုအရ ထရာဗစ်စကော့က ပရိသတ်များအား ကခုန် ကြရန် တောင်းဆိုချိန်၌ လသာဆောင်ပေါ်မှ ပရိသတ်အချို့ ထခုန်ခဲ့ကြကြောင်း သိရသည်။

တွစ်တာပေါ်၌တင်ခဲ့သော ဗီဒီယိုမှတ်တမ်းအရ ပရိသတ်အချို့သည် သူတို့၏ဆန္ဒအတိုင်း ကခုန်ခဲ့ကြခြင်းဖြစ် သော်လည်း ကိုင်လီဂရင်းကမူ သူသည်လူအုပ်ကြီး၏ တိုးဝှေ့မှုကြောင့်   ရှေ့သို့ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့ သည်။

“ကျနော်ပြုတ်ကျပြီး ကြမ်းပြင်နဲ့ရိုက်မိသွားပါတယ်။ ကျနော်မသိခင်လေးတင်မှာပဲ လုံခြံုရေးအစောင့်တွေက ကျနော့်ကိုဝန်းရံပြီး ဆွဲမသွားခဲ့ပါတယ်” ဟု သူက ပြောခဲ့သည်။ ဆက်လက်ပြီး သူ့အား စင်ပေါ်သို့ဆွဲခေါ်သွား ချိန်၌ လည်ပင်းထိန်းချုပ်သည့်ကရိယာ သို့မဟုတ် ကျောခံတစ်ခုခု ၀တ်ဆင်ပေးခဲ့ခြင်းမရှိသောကြောင့် အခြေ အနေပိုမိုဆိုးသွားခြင်းဖြစ်ကြောင်း သူက ပြောခဲ့သည်။

ဒါ့အပြင်သူသည် ပင်မကျောရိုးအက်သွားခြင်း၊ ဘယ်ဘက်လက်ကောက်ဝတ်ကျိုးခြင်းနှင့် ညာဘက်ခြေကျင်း ၀တ် အက်သွားခြင်းတို့ကြောင့် လမ်းမလျှောက်နိုင်ဘဲ ဘီးတပ်ကုလားထိုင်နှင့်သာ သွားလာနေရကြောင်း ကိုင်လီဂရင်းက ပြောခဲ့သည်။

ကိုင်လီဂရင်း၏ တရားစွဲဆိုမှုနှင့်ပက်သက်၍ ထရာဗစ်စကော့ဘက်က မည်သို့မှတုံ့ပြန်ခြင်းမရှိသေးကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly