မက်ဒေါ်နယ်သည် ဆာလောင်ငတ်မွတ်နေသူများ အားကျွေးမွေးရန်မဟုတ်

မက်ဒေါ်နယ်သည် ဆာလောင်ငတ်မွတ်နေသူများ အားကျွေးမွေးရန်မဟုတ်

ပြင်သစ်ဆိုင်ခွဲတွင်ရှိသော အလုပ်သမားများအား အိမ်ခြေယာမဲ့များ အားကျွေးမွေးသည့်အတွက် အလုပ်ထုတ်ပစ်မည်ဟု ခြိမ်းခြောက်သည့်သဘောရှိသော ဖြစ်ရပ်တစ်ခုအတွက် ကမ္ဘာကျော် ဘာဂါတိုက် ဆိုင်ကြီး မက်ဒေါ်နယ်က ဝန်ချတောင်းပန်လိုက်ရသည်။

ပြင်သစ်နိုင်ငံတောင်ပိုင်း မာဆေးအနီး ဟေးရက်ရှိ မက်ဒေါ်နယ်ဆိုင်ကြီးတွင် ကပ်ထားသည့် သတိပေးချက်မှာ လူမှုမီဒီယာတွင် ပျံ့နှံ့လျှက်ရှိရာ ယင်းသတိပေးချက်ထဲတွင် ဤသို့ ရေးသားထားသည်။

‘ဇူလိုင် ၂၅ရက်ဖြစ်ရပ်နောက်ပိုင်းမှာ အိမ်ခြေယာမဲ့အလုပ်လက်မဲ့တွေကို အစားအသောက်တွေ ကျွေးမွေးမှုကို လုံးဝပိတ်ပင်လိုက်တယ်။ သတိပေးချက်အနေနဲ့ အလုပ်သမားတွေရဲ့ ထမင်းစားချိန်ကိုလည်း အဆောက်အဦးဝင်းအတွင်းမှာပဲ စားသင့်တယ်။ ဝန်ထမ်းတွေရဲ့ ကိုယ်တာထမင်းဟာ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးကိုယ်တာ ခံစားခွင့်သာဖြစ်ပြီး သက်ဆိုင်ရာဝန်ထမ်းကပဲ စားရမယ်’ ဆက်လက်ပြီး သတိပေးချက်တွင် ‘မက်ဒေါ်နယ်ဟာ ကမ္ဘပေါ်က ဆာလောင်နေတဲ့လူတွေကို ကျွေးမွေးတဲ့လုပ်ငန်းကို လုပ်ကိုင်နေတာ မဟုတ်ဘူး’’ ဟု ရေးသားထားပြီး အထက်ပါ သတိပေးချက်ကို မလိုက်နာပါက အလုပ်မှထုတ်ပယ်သည်အထိ အရေးယူခံရနိုင်သည်ဟုလည်း နိဂုံးချုပ်အနေဖြင့် သတိပေးထားလိုက်သေးသည်။  

မက်ဒေါ်နယ်၏ ပြင်သစ်ဆိုင်ခွဲကမူ စားသောက်ဆိုင်ရှေ့တွင် အိမ်ခြေယာမဲ့နှစ်ဦး ပါဝင်ပတ်သက်နေသည့် လေးနက်သော ဖြစ်ရပ်တစ်ခုကြောင့် သတိပေးချက်ကို ထုတ်ပြန်ခဲ့ရခြင်းဖြစ်ပြီး စားသောက်ဆိုင် ဝင်းကို ဖောက်သည်များအတွက် လုံခြုံစိတ်ချရသော နေရာတစ်ခုအဖြစ် ထိန်းထားရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။ လုပ်ထုံးလုပ်နည်းပုံစံမှာ ကြောင်တောင်တောင်နိုင်သောကြောင့် စားသောက် ဆိုင်စီမံခန့်ခွဲမှုအဖွဲ့က သတိပေးချက်ကို အလျင်အမြန်ဖယ်ရှားပစ်ခဲ့ရသည်ဟုလည်း ပြင်သစ်ဆိုင်ခွဲက ပြောကြားခဲ့သည်။

‘သတိပေးချက်ကြောင့် ထိတ်လန့်တုန်လှုပ်သွားတဲ့ ဖောက်သည်တွေကို မက်ဒေါ်နယ်က အနူးအညွတ်တောင်းပန်ပါတယ်။ မက်ဒေါ်နယ်က ဖောက်သည်တွေကို အယုတ်၊ အလတ်၊ အမြတ်မရွေး ဝန်ဆောင်မှုပေးသွားမှာပါ’’ဟုလည်း ပြင်သစ်ဆိုင်ခွဲက ကြေညာချက်ထုတ်ပြန်၍ တောင်းပန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly