ကလေးတွေကို နို့မှုန့်တိုက်တာနဲ့ ပတ်သက်ပြီး ဘာတွေသိထားရမလဲ

ကလေးတွေကို နို့မှုန့်တိုက်တာနဲ့ ပတ်သက်ပြီး ဘာတွေသိထားရမလဲ

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ကလေးတွေကို နို့မှုန့်တိုက်တာနဲ့ ပတ်သက်ပြီး ဘာတွေသိထားရမလဲ

နို့မှုန့်စနစ်တကျတိုက်တာ ဒါမှမဟုတ် မိခင်နို့တိုက်ကျွေးတာဟာ ကလေးတွေအတွက် အခြေခံကျပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရွေးချယ်မှုတွေပဲ ဖြစ်ပါတယ်။ ဘယ်တခုကို ရွေးချယ်မလဲ ဒါမှမဟုတ် နှစ်မျိုးလုံးကိုအဆင်သင့်သလိုတိုက်မလားဆိုတာဟာ သင့်မိသားစုရဲ့ အခြေအနေနဲ့ ကိုက်ညီအောင် ရွေးချယ်ရမှာဖြစ်ပြီး သင့်ဆုံးဖြတ်ချက်ပေါ်ပဲ အဓိက မူတည်ပါတယ်။ မိခင်နို့သာ အကောင်းဆုံးလို့ လူတိုင်းက ပြောကြပါတယ်။ ဒါဟာမှန်ပါသလား။

မိခင်နို့ဟာ သင့်ရင်သွေးလေးကို ကူးစက်ရောဂါတွေရန်ကနေ ကာကွယ်ပေးတဲ့အပြင် ကလေးငယ် လိုအပ်တဲ့ အာဟာရဓာတ်တွေ (တချို့အာဟာရဓာတ်တွေကိုနို့မှုန့်ကနေ မရရှိနိုင်ပါဖူး) အားလုံးကို ထောက်ပံ့ပေးနိုင်တာကြောင့် အကောင်းဆုံးသော အာဟာရဖြစ်ပါတယ်။ ဒါ့အပြင် မိခင်နို့တိုက်ကျွေးခြင်းဟာ မိခင်နဲ့ ကလေးအကြားက သံယောဇဉ်မေတ္တာဓာတ်ကိုလည်း ပိုလို့တိုးစေပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်မယ်ဆိုရင် သင့်အနေနဲ့မိခင်နို့ကိုသာ (အနည်းဆုံးပထမတလလောက်တော့) တိုက်ကျွေးသင့်ပါတယ်။ ဒါမှသာ သင့်ရဲ့ရောဂါခုခံပေးနိုင်တဲ့ ပဋိဇီဝပစ္စည်းတွေကို ကလေးဆီ လွှဲပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဖူးဆိုရင် မိခင်နို့နဲ့နို့မှုန့်ကို အဆင်ပြေသလို အတူတကွတိုက်သွားလို့လည်း ရနိုင်ပါတယ်။ မိခင်နို့ထွက်ရှိမှုဟာ ကလေးအသက်တစ်လလောက်အထိ အကောင်းဆုံးဖြစ်တဲ့အတွက် အဲဒီ့အချိန်ထိ မိခင်နို့တိုက်ရင်း နို့မှုန့်ကို တနေ့တကြိမ်လောက် တိုက်နိုင်မှာဖြစ်ပါတယ်။
နို့မှုန့်တွမှာ ဗီတာမင်ဓာတ်တွေအပြင် (မိခင်နို့စို့ခွင့်ရတဲ့ကလေးတွေတောင် ဖြည့်စွက်သောက်သုံးဖို့ လိုတဲ့ဗီတာမင် D လို) အာဟာရဓာတ်တွေ ပါပါဝင်နေတဲ့အတွက် နို့မှုန့်ချည်းပဲ တိုက်ကျွေးခြင်းဟာလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းတခုပဲ ဖြစ်ပါတယ်။
ဒါ့အပြင်နို့မှုန့်တွေကို ရွေးချယ်သင့်တဲ့ တခြားအကြောင်းရင်းတွေလည်း အမြောက်အများ ရှိနေပါသေးတယ်။ နို့ကောင်းကောင်းမစို့နိုင်တဲ့ကလေးတွေ (လမစေ့တဲ့ ကလေးတွေမှာ အဖြစ်များတယ်)၊ မိခင်နဲ့အကြာကြီး ခွဲနေရမယ့် ကလေးတွေ၊ နို့တိုက်ရင်နာကျင်မှုခံစားရတဲ့ မိခင်တွေ၊ ကိုယ့်ရင်သွေးလေး နို့ချိုရည်လုံလုံလောက်လောက် မရမှာကို ပူပန်နေတဲ့မိခင်တွေ၊ အလုပ်ပြန်ဆင်းဖို့လိုတဲ့မိခင်တွေ၊ ရောဂါတခုခုဖြစ်လို့ ဆေးသောက်နေရတဲ့အခါ ကလေးကို အန္တရာယ်ကင်းစေဖို့နဲ့ မိသားစုဝင်တွေကို ပါကူညီပြီး ကလေးကို အာဟာရ တိုက်ကျွေးစေချင်တဲ့ အခြေအနေတွေမှာ နို့မှုန့်ကို တိုက်ကျွေးနိုင်ပါတယ်။

ဘယ်လို နို့မှုန့်မျိုးကို ရွေးချယ်သင့်သလဲ။

နို့မှုန့်အများစုဟာ နွားနို့ ဒါမှမဟုတ် ပဲနို့ကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ် ။ နွားနို့ ဒါမှမဟုတ် ပဲနို့နဲ့ ဓာတ်မတည့်တဲ့ ကလေးတွေအတွက်၊ လမစေ့တဲ့ကလေးတွေအတွက် ဒါမှမဟုတ် ပေါင်မပြည့်တဲ့ ကလေးတွေအတွက် အထူးစီမံထုတ်လုပ်ထားတဲ့ နို့မှုန့်အမျိုးအစားတွေလည်း ရှိပါတယ်။ ဘယ်လိုအမျိုးအစားကို ရွေးချယ်သည်ဖြစ်စေ သင်ရွေးချယ်လိုက်တဲ့နို့မှုန့်ဟာ သွေးအားနည်းရောဂါကို ကာကွယ်နိုင်ဖို့အတွက် သံဓာတ်ပြည့်ဝစွာ ပါဝင်သင့်ပါတယ်။
ဒါဆိုကလေးကို နွားနို့ပဲတိုက်လိုက်ရင် ပြီးရောပေါ့။ မဟုတ်ဖူးလား။

သင့်ကလေးကို နွားနို့လုံးဝမတိုက်ပါနဲ့။ နွားနို့မှာ သင့်ကလေးကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အာဟာရဓာတ်တွေ အချိုးအစားမှန်ကန်စွာ ပါဝင်မှုမရှိတာကြောင့် ကလေးအသက်တစ်နှစ် မတိုင်ခင်ထိ နွားနို့လုံးဝ မတိုက်သင့်ပါဖူး။

Follow-up formula တွေဆိုတာဘာတွေလဲ။ Follow-up formula တွေကိုတိုက်သင့်လား။

အသက် ၄လ ကနေ ၁၂လအရွယ်ရှိပြီး အစာအနည်း အကျဉ်းစားနိုင်ပြီဖြစ်တဲ့ ကလေးတွေအတွက် Follow-up formula တွေကို အထူးသဖြင့် အသုံးပြုပါတယ်။ Follow-up formula တွေဟာမွေးကင်းစကလေးကို တိုက်ရတဲ့ နို့မှုန့်ပုံစံတွေနဲ့ ယှဉ်ရင် ကယ်လ်ဆီယမ်၊ သံဓာတ်၊ ပရိုတိန်းနဲ့ ကယ်လိုရီဓာတ်တွေ ပိုမိုကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမယ့် Follow-up formula တွေကိုတိုက်ဖို့ အကြမ်းအားဖြင့်မလိုအပ်ပါဖူး။ ကလေးတွေကိုအသက် ၄လ ကနေ ၆လ အရွယ်လောက်မှာ Follow-up formula တွေတိုက်ကျွေးဖို့ထက် ပုံမှန်အစားအစာတွေ (ကလေးစားတဲ့ cerealလေးတွေ၊ အသားသန့်သန့်လေးတွေ၊ သစ်သီး၊ အသီးအရွက်စတာတွေကို) စတင်ပြီးကျွေးဖို့ ဆရာဝန်တွေက အကြံပြုလေ့ရှိကြပါတယ်။
ဒါပေမယ့် ကလေးတယောက်ချင်းစီရဲ့ လိုအပ်မှုအနေအထားတွေအပေါ် မူတည်ပြီး Follow-up formula တွေ တိုက်သင့် မတိုက်သင့် ဆုံးဖြတ်ရပါလိမ့်မယ်။ အစားအစာတော်တော်များများနဲ့ ဓာတ်မတည့်တဲ့ ကလေးတွေ ဒါမှမဟုတ် ခန္ဓာကိုယ်သေးညှက်တဲ့ ကလေးတွေအတွက် Follow-up formula ဟာ အကျိုးရှိစေနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ကလေးငယ်အတွက် ဘာအကောင်းဆုံးလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဆုံးဖြတ်ရပါမယ်။

ကျွန်မအနေနဲ့ မိခင်နို့အပြင်နို့မှုန့်ကိုပါ တိုက်ချင်ပါတယ်။ ဘယ်လိုလုပ်သင့်ပါသလဲ။

ကျွမ်းကျင်သူတွေရဲ့အလိုအရ ကလေးအသက် တစ်လအရွယ်မတိုင်ခင်မှာ နို့ဗူးမတိုက်သင့်ဖူးလို့ ဆိုပါတယ်။ အဲဒီ့အချိန်ဟာ မိခင်နို့တိုက်ရတာ အတော်အသားကျနေတဲ့အပြင် ကလေးအနေနဲ့ နို့သီးခေါင်းအသစ် ပုံစံကိုစို့ဖို့လည်း မငြင်းဆန်သေးတဲ့အချိန်ပါ (မိခင်နို့စို့ရတာနဲ့ နို့ဗူးစို့ရတာ ပုံစံမတူပါဖူး)။ သင့်ကလေးအနေနဲ့ သင့်ကိုယ်နံ့ဒါမှမဟုတ် သင့်ရဲ့နို့ရည်အနံ့ကို ရမယ်ဆိုရင် နို့ဗူးစို့ဖို့ ငြင်းဆန်နိုင်တာမို့ ပထမဆုံးအကြိမ်အဖြစ် နို့ဗူးတိုက်တဲ့အခါ သင်ကိုယ်တိုင်မတိုက်ဘဲ တခြားလူကိုတိုက်ခိုင်းပါ။ တကယ်လို့ သင့်အနေနဲ့နို့မှုန့်ကို တခါတရံမှသာ တိုက်ဖို့ စဉ်းစားထားတယ်ဆိုရင် ၂၄ နာရီအတွင်း နို့ဗူးတစ်ဗူးထက်ပိုပြီး မတိုက်ပါနဲ့။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly