ဖြိုးကိုကိုတင့်ဆန်းအမှုမှ လယ်ဝေးတွင် ဖမ်းထားသူ သုံးဦးကို စီအိုင်ဒီက လာခေါ်သွား

ဖြိုးကိုကိုတင့်ဆန်းအမှုမှ လယ်ဝေးတွင် ဖမ်းထားသူ သုံးဦးကို စီအိုင်ဒီက လာခေါ်သွား
ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဓာတ်ပုံ

နေပြည်တော်(အောက်တိုဘာ ၃၀၊ ၂၀၁၇ခုနှစ်)။ ။ ဖြိုးကိုကိုတင့်ဆန်းအမှုတွင် ကွင်းဆက်တရားခံများအဖြစ် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူများအနက် လယ်ဝေးမြို့မရဲစခန်းတွင် ဖမ်းဆီးထားသူ ၃ဦးကို မှုခင်းရဲတပ်ဖွဲ့(CID)က ယနေ့ အောက်တိုဘာ ၃၀ရက်တွင် လာရောက်ခေါ်သွားသည်ဟု စခန်းမှူးဖြစ်သူက မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

“ဖြိုးကိုကိုတင့်ဆန်းကတော့ အရင်ကတည်းက ခေါ်သွားပြီးသား။ စီအိုင်ဒီက အမှုလွှဲယူကတည်းက သူတို့ ခေါ်သွားပြီးသားပါ။ ကျန်တဲ့သုံးယောက်ကိုတော့ ဒီနေ့ခေါ်သွားတယ်။ အမှုတွဲထဲက သုံးယောက်ပေါ့” ဟု စခန်းမှူးက ယနေ့ညနေပိုင်းတွင် ပြောကြားသည်။

ဖြိုးကိုကိုတင့်ဆန်းအမှုကို အောက်တိုဘာ ၁၉ရက်နေ့ကတည်းက မှုခင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းလိုက်ခြင်းဖြစ်ပြီး ဖြိုးကိုကိုတင့်ဆန်းကိုမူ ထိုနေ့ကတည်းက ခေါ်သွားခြင်းဖြစ်သည်။

“ကျွန်တော်တို့ဆီမှာ မထားတော့ဘူး။ သူတို့ သင့်တော်တဲ့ မြို့နယ်တစ်ခုမှာပဲ ရမန်တောင်းပြီးတော့ အဲ့မှာပဲ ထားမယ့်သဘောရှိပါတယ်” ဟု လယ်ဝေးစခန်းမှူးက ဆိုသည်။

လက်ရှိတွင် ကွင်းဆက်တရားခံ ၁၅ဦးကို ဖမ်းဆီးကာ သေနတ် ၂၄ကို သိမ်းဆည်းရမိထားပြီး အမှု ၁၇မှု ဖွင့်ထားသည်ဟု ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အောက်တိုဘာ ၂၆ရက်တွင် ပြောဆိုထားသည်။

အောက်တိုဘာ ၁၅ရက် ညပိုင်းက MNA လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ လိုက်ပါမည့် ဝန်ကြီးဟောင်း ဦးတင့်ဆန်း၏ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းထံမှ လက်နက်များနှင့် မူးယစ်ဆေးဝါးတစ်ချို့ ဖမ်းဆီးရမိပြီးနောက် ၎င်းနှင့်ပတ်သက်သည့် နေပြည်တော်ရှိ ACE ဟိုတယ်အပါအဝင် ရန်ကုန်မြို့ရှိ နေအိမ်နှင့် ရုံးခန်းများကို ဆက်လက်စစ်ဆေးရာတွင် လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံ သိမ်းဆည်းရမိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly