လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ဆီးချိုရောဂါရှိသူ ၆၀ ရာခိုင်နှုန်း အထိမြင့်တက်လာ

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ဆီးချိုရောဂါရှိသူ ၆၀ ရာခိုင်နှုန်း အထိမြင့်တက်လာ

လန်ဒန်၊ သြဂုတ် ၁၇ ။         ။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ဆီးချိုရောဂါဖြင့် ရှင်သန်နေရသူ ဦးရေမှာ ၆၀ ရာခိုင်နှုန်းမြင့်မားလာခဲ့သည်ဟု Diabetes UK အဖွဲ့ကသတိပေးခဲ့သည်။ ၂၀၀၅ခုနှစ်က ဆီးချိုရောဂါတစ်ခုခုရှိသူ ၂ဒသမ၁သန်းသာရှိခဲ့ရာမှ ၃ဒသမ၃သန်းကျော်သို့ ရောက်ရှိလာခဲ့သည်ဟု အကူအညီပေးသည့် အဖွဲ့က ပြောကြားသည်။

သွေးတွင်းသကြားပမာဏကို မထိန်းချုပ်နိုင်ခြင်းက အမြင်အာရုံဆုံးရှုံးခြင်းနှင့် ခြေလက်တို့ဖြတ်တောက်ရခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။

ဆီးချိုလူနာများကို စောင့်ရှောက်မှုတိုးမြင့်ရန်နှင့် ရောဂါကာကွယ်ရေးအတွက် ကြီးမားသည့် အားထုတ်ကြိုးပမ်းမှုများ ဆောင်ရွက်ရန် Diabetes UK က အမျိုးသားကျန်းမာရေးဋ္ဌာနကို တောင်းဆိုခဲ့သည်။

အကြမ်းဖျင်းအားဖြင့် ဆီးချိုရောဂါအားလုံး၏ ၉၀ ရာခိုင်နှုန်းမှာ ပုံစံ-၂ ဆီးချိုရောဂါဖြစ်ပြီး ၎င်းပုံစံမှာ အစားအသောက်၊ အဝလွန်မှုတို့နှင့် အနီးကပ်ဆက်စပ်နေသည်။

ဆီးချိုရောဂါ ပုံစံ-၁မှာ ယေဘုယျအားဖြင့် ကလေးဘဝတွင် ဖြစ်ပေါ်လေ့ရှိပြီး သွေးတွင်းသကြားပမာဏကို ထိန်းချုပ်ရန် အင်ဆူလင်ဟော်မုန်းကို မထုတ်လုပ်နိုင်ပေ။

ယခင်က တစ်လလျင် တစ်ဦးနှုန်းသာ တွေ့နိုင်သော်လည်း ယခုအခါ တစ်လလျင် အနည်းဆုံးတစ်ဦးမှ သုံးဦးအထိတွေ့လာနေရကြောင်း လန်ဒန်အနောက်မြောက်ပိုင်း၊ ဘရင့်ရှိ ဂျီပီဆရာဝန် တစ်ဦးဖြစ် သူဒေါက်တာ ဂျုန်းစိန့်ဂျွန်က ပြောကြားခဲ့ပြီး ရောဂါမှာ မယုံနိုင်စရာကောင်းလောက်အောင် ပျံ့နှံ့နေသည်ဟုလည်း ၎င်းကဆိုသည်။

သွေးတွင် သကြားပမာဏကို မထိန်းချုပ်နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲဆိုးကျိုးများမှာလည်း ပြင်းထန်ပြီး နာ့ဗ်ကြောများပျက်စီးခြင်း၊ အမြင်အာရုံဆုံးရှုံးခြင်းနှင့် အင်္ဂါပျက်စီးခြင်း တို့ဖြစ်ပေါ်စေနိုင်သည်။

လွန်ခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ဆီးချိုဆေးဝါးအတွက်ကုန်ကျမှုမှာ အမျိုးသားကျန်းမာရေးဋ္ဌာန သုံးစွဲငွေ၏ ၁၀ ရာခိုင်နှုန်းရှိသည်။ အင်ဆူလင်၊ မက်ဖော်မင် အပါအဝင်ဆေးဝါးအတွက် အသုံးပြုငွေမှာ ပေါင် ၈၆၉သန်းရှိပြီး လွန်ခဲ့သည့်ဆယ်စုနှစ်က ပေါင် ၅၁၄သန်းသာရှိခဲ့ရာမှ သိသိသာသာမြင့်တက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly