ခရုသင်း၊သမင်ဖြူအကြောင်း သိကောင်းစရာ

ခရုသင်း၊သမင်ဖြူအကြောင်း သိကောင်းစရာ

ရေးသားသူ Dr. Zin Thu Thu Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

ခရုသင်းသမင်ဖြူ ဆိုတာဘာလဲ။

ခရုသင်းသမင်ဖြူသည် အရေပြားပေါ်တွင် အကွက်လိုက်အရောင်ပြောင်းသွားသောရောဂါဖြစ်သည်။ အရေပြားအရောင်ပျောက်/ဖျော့သောနှုန်းကိုခန့်မှန်း၍မရပါ။ ဆံပင်၊ ခံတွင်းနှင့် မျက်လုံးအပါအဝင် ခန္ဓာကိုယ်၏ အရေပြားမည်သည့်နေရာတွင်မဆိုဖြစ်နိုင်သည်။
ခရုသင်းသမင်ဖြူမည်သည့်အသားအရေမျိုးတွင်မဆိုဖြစ်နိုင်ပြီးအသားညိုသူများတွင်ပိုသိသာသည်။ ထိုရောဂါသည် အသက်အန္တရာယ်မရှိပါ။ ကူးစက်တတ်သောရောဂါမျိုးလည်းမဟုတ်ပါ။ သို့သော်လည်းသင့်အတွက် အနေခက်စေလိမ့်မည်။

ရောဂါလက္ခဏာများ

ခရုသင်းသမင်ဖြူဘာကြောင့်ဖြစ်ရလဲ။

အရေပြား၏ရောင်ခြယ်ပစ္စည်းတမျိုးဖြစ်သောမယ်လနင် (Melanin)မရှိသောနေရာများတွင်ကွက်၍ ခရုသင်းသမင်ဖြူဖြစ်ရခြင်းဖြစ်သည်။ မယ်လနင်ကို Melanocyte ဟုခေါ်သောအရေပြားဆဲလ်တမျိုးမှထုတ်ပေးပြီး၎င်းသည် အသားရေအရောင် နှင့် နေရောင်ဒဏ်မှကာကွယ်နိုင်ရန်အကူအညီပေးသည်။ Melanin မရှိရခြင်းအကြောင်းကိုတိကျစွာမသိသေးသော်လည်း ခန္ဓာကိုယ်၏ခုခံအားစနစ် နှင့် အရေပြားရှိအာရုံကြောများမူမမှန်ခြင်းကြောင့်ဖြစ်သည်ဟုယူဆပါသည်။ မိသားစုဝင်ထဲတွင် ရောဂါဖြစ်ဖူးသူရှိလျှင် ၊ ခန္ဓာကိုယ်၏ခုခံအားစနစ်မူမမှန်ခြင်းကြောင့် သိုင်းရွိုက်ဟော်မုန်းလွန်ကဲသောရောဂါရှိလျှင်ခရုသင်းသမင်ဖြူဖြစ်နိုင်ချေပိုများသည်။
ခရုသင်းသမင်ဖြူသည် ကူးစက်တတ်သောရောဂါမဟုတ်သည့်အတွက် ရောဂါရှိသူနှင့် ထိတွေ့ရုံမျှနှင့်မကူးစက်ပါ။သင့်ဆံပင်၊ ခံတွင်းနှင့် မျက်လုံးများအရောင်ဖျော့လာသည်ဟုသံသယရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

ခရုသင်းသမင်ဖြူကိုဘယ်လိုကုသမလဲ။

နဂိုအရေပြားအရာင်ရရှိရန် ကုသနည်းများစွာရှိသော်လည်းရလဒ်ကိုခန့်မှန်း၍မရနိုင်ပါ။ ဘေးထွက်ဆိုးကျိူးများလည်းခံစားရနိုင်ပါသည်။
ထို့ကြောင့် သင့်ဆရာဝန်က ပထမဦးစွာနေပူစာလှုံခြင်းနှင့် မိ်တ်ကပ်အချို့ကိုအသုံးပြုရန် အကြံဉာဏ်ပေးကောင်းပေးနိုင်ပါသည်။
ဆေးသို့မဟုတ် အခြားသောနည်းများဖြင့်ကုသမည်ဆိုလျှင် သိသာသောအကျိုးရလဒ်ရရန် လအတန်ကြာမြင့်ပါလိမ့်မည်။ အကျိုးမထူးခင်ပင် သင်သည် အခြားသောနည်းလမ်းတမျိုးဖြင့် ပြောငး်၍ကုသကောင်းကုသနေနိုင်သည်။

ဆေးများ

ခရုသင်းသမင်ဖြူသည် Melanin မရှိခြင်းကြောင့်ဖြစ်ရာတွင်၎င်းကိုရပ်တန့်စေသောဆေးမရှိပါ။ သို့သော် အချို့ဆေးများသည် အလင်းရောင်ကုထုံးနှင့်တွဲကုလျှင် အသားရောင်တက်လာသည်ကိုတွေ့နိုင်သည်။

• ရောင်ရမ်းမှုကိုလျှော့ချပေးသောခရင်မ်များ
Corticosteroid ပါ၀င်သောလိမ်းဆေးများကိုရောဂါဖြစ်စတွင် လိမ်းပေးလျှင် အရေပြားရောင်ပြန်တက်လာပေမည်။သို့သော် လအတော်ကြာမှသိသာတာမျိုးလည်းဖြစ်နိုင်သည်။ထိုလိမ်းဆေးသည် အသုံးပြုရလွယ်ကူသော်လည်းအရေပြားပါးခြင်း၊ အစင်းရာများဖြစ်ခြင်းစသည့် ဘေးထွက်ဆိုးကျိုးများခံစားရနိုင်သည်။ကလေးငယ်များနှင့် အကွက်များသောလူနာများအတွက် ပိုအားပျော့သောဆေးပုံစံမျိုးလည်းရှိသည်။

• ဗီတာမင်ဒီ
Calcipotrieneပါ၀င်သော Donovexအမည်ရှိလိမ်းဆေးဖြစ်ပြီး Corticosteroid ခရင်မ်၊ခရမ်းလွန်ရောင်ခြည်ကုထုံးတို့နှင့်တွဲနိုင်သည်။ အသားခြောက်ခြင်း၊ အနီကွက်ထခြင်း၊ယားယံခြင်းတို့ဖြစ်နိုင်ပါသည်။

• ခုခံအားစနစ်အပေါ်သက်ရောက်သောဆေးများ
ပါ၀င်သော အဆီများသည် အကွက်နည်း/သေးသော၊အထူးသဖြင့် မျက်နှာနှင့်လည်ပင်းတွင်ဖြစ်သောသူများအတွက်အသုံးဝင်ပါသည်။၎င်းသည် Corticpsteroidsထက် ဘေးထွက်ဆိုးကျိုးနည်းပြီးခရမ်းလွန်ရောင်ခြည်ဘီကုထုံးနှင့် တွဲသုံးနိုင်သည်။ အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့မှ ထိုဆေးများအသုံးပြုမှုသည် အရေပြားကင်ဆာနှင့် ကင်ဆာကျိတ်တို့ဖြစ်စေရန်ဆက်နွယ်မှုရှိကြောင်းသတိပေးထားသည်။

• ဆေးနှင့်အလင်းရောင်ကုထုံးတွဲ၍ကုသခြင်း
၎င်းသည် နဂိုအရေပြားအရောင်ရရှိရန်အတွက် Psoralenဟုခေါ်သောဆေးနှင့် အလင်းရောင်တို့ကိုတွဲကုသခြင်းဖြစ်သည်။ Psoralenကိုသောက်ပြီးလျှင် ခရမ်းလွန်ရောင်ခြည်အေ (သို့)ဘီ နှင့်ထိတွေ့စေခြင်းဖြစ်သည်။ Psorlenသည် အလင်းရောင်၏အာနိသင်ကိုပိုရစေပြီးသင့်အားပန်းရောင် အဆင့်အရေပြားအရောင်ကိုဦးစွာဖြစ်စေလိမ့်မည်။ အနာကျက်သွားမှ နဂိုအရောင်ဖြစ်သွားလိမ့်မည်။ ထိုကုသမှုကို ၁ပတ် ၃ကြိမ် ၆လမှ ၁၂လအထိ ခံယူရမည်။
ဖြစ်နိုုင်ချေရှိသောဘေးထွက်ဆိုးကျိုးများမှာနေလောင်ခြင်း၊ အရည်ကြည်ဖုဖြစ်ခြင်း၊ ယားယံခြင်း၊ အသားညိုသွားခြင်းနှင့် အတွင်းတိမ်နှင့် အရေပြားကင်ဆာဖြစ်နိုင်ချေများခြင်းတို့ဖြစ်သည်။ထို့ကြောင့် ကုသမှုခံပြီးကာစ ၁-၂ ရက်တွင်နေရောင်ကာခရင်မ်လိမ်းခြင်း၊ ခရမ်းလွန်ရောင်ခြည်ကာကွယ်သောမျက်မှန်တပ်ခြင်းနှင့် နေရောင်နှင့် တိုက်ရိုက်ထိတွေ့မှုကိုရှောင်ကြဉ်ခြင်းဖြင့် ဘေးထွက်ဆိုးကျိုးများကိုလျှော့ချနိုင်သည်။Psoralenနှင့်ခရမ်းလွန်ရောင်ခြည်ကုထုံးကို ၁၂ အောက်ကလေးများအတွက် အသုံးမပြုသင့်ပါ။

• အလင်းရောင်ကုထုံး
၎င်းသည် ခရမ်းလွန်ရောင်ခြည်ဘီတမျိုးတည်းနှင့်(Psoralenမပါ)ကုသခြင်းဖြစ်သည်။ ၁ပတ်လျှင် ၃ကြိမ် ကုသမှုခံယူရသည်။ မျက်နှာ၊ ကိုယ် နှင့် လက်၊ခြေများတွင်ဖြစ်သောအကွက်များအတွက် သုံးသည်။

• လေဆာကုထုံး
၎င်းသည် အကွက်ဖြစ်သောနေရာကိုခရမ်းလွန်ရောင်ခြည် ဘီ ပါ၀င်သော လေဆာရောင်ခြည်ဖြင့်ကုသခြင်းဖြစ်သည်။
၎င်းနည်းလမ်းကိုအကွက်သေးသောသူများအတွက် သုံးနိုင်ပြီးလိမ်းဆေးများနှင့်တွဲသုံးနိုင်သည်။ အရည်ကြည်ဖုဖြစ်ခြင်း၊အသားနီရဲခြင်းတို့ခံစားရနိုင်ပါသည်။
ခွဲစိတ်ကုသခြင်း
အထက်ပါ အလင်းရောင်ကုထုံး၊ဆေးများနှင့် အဆင်မပြေပါကခွဲစိတ်ကုသနိုင်သည်။ ထိုကုသမှုများနှင့်လည်းတွဲကုနိုင်သည်။ ဠင်းသည်လည်းသင့်အသားရောင်ကိုနဂို၊ နဂိုနီးနီးရလာအောင် ပြုလုပ်ပေးလိမ့်မည်။

• အရေပြားအစားထိုးခြင်း
ဆရာဝန်က သင်၏ပုံမှန်အရောင်ရှိသောအရေပြားကိုလှီးကာအကွက်ဖြစ်သောနေရာတွင်အစားထည့်လိုက်ခြင်းဖြစ်သည်။အကွက်သေးငယ်လျှင် ထိုနည်းကိုအသုံးပြုနိုင်သည်။ အနာပိုးဝင်ခြင်း၊ အမာရွတ်ကျန်ခြင်း၊ အရေပြားမညီညာခြင်းနှင့် အရေပြားအရောင်မတက်လာခြင်းတို့ ဖြစ် နိုင်သည်။

• အရည်ကြည်ဖုအစားထိုးခြင်း
ဆရာဝန်သည် ပုံမှန်အရပြားပေါ်တွင် အရည်ကြည်ဖုဖြစ်အောင်လုပ်ယူပြီးထိုအရည်ကိုဖောက်ပြီးကျန်ခဲ့သောအပေါ်ယံလွှာကိုရောဂါဖြစ်သောအကွက်နေရာတွင်အစားထိုးလိုက်ခြင်းဖြစင်သည်။ အနာပိုးဝင်ခြင်း၊ အမာရွတ်ကျန်ခြင်း၊ အရေပြားမညီညာခြင်းနှင့် အရေပြားအရောင်မတက်လာခြင်းတို့ဖြစ်နိုင်သည်။
အမာရွတ်ကျန်ရှိနိုင်ခြေအနည်းဆုံးနည်းလမ်းလည်းဖြစ်သည်။

• တက်တူးထိုးခြင်း
ထိုနည်းလမ်းသည် ကွက်နေသောအရေပြားနေရာသို့ ရောင်ခြယ်ထည့်သွင်းခြင်းဖြစ်သည်။ နှုတ်ခမ်းနားတဝိုက်နှင့် အသားညိုသူများတွင် ပိုအသုံးဝင်သောနည်းလမ်းဖြစ်သည်။ အားနည်းချက်များမှာအသားရောင်မညီညာခြင်း၊ တက်တူးအရောင်မညီခြင်းနှင့် နေလောင်ဒဏ်မခံနိုင်ခြင်းတို့ဖြစ်သည်။ တက်တူးထိုးခြင်းဖြင့် ကောင်းသောအရေပြားအစိတ်အပိုင်းပျက်စီးသွားပါကထိုနေရာတွင် ခရုသင်းသမင်ဖြူကွက်များဖြစ်လာနိုင်သည်။

ခရုသင်းသမင်ဖြူ၏နောက်ဆက်တွဲဆိုးကျိုးများ

ခရုသင်းသမင်ဖြူနှင့်တွဲ၍အခြားသော ပြသနာများလည်းဖြစ်လာနိုင်သည်။ ခရုသင်းသမင်ဖြူဖြစ်သည့်နေရာများတွင် မယ်လနင်ရောင်ခြယ်မရှိတော့ခြင်းကြောင့် နေရောင်ကာခရင်မ် မလိမ်းလျှင် နေရောင်ဒဏ်ကိုခံရနို်င်ခြေပိုများသည်။ ခရုသင်းသမင်ဖြူသည် မျက်လုံးအရောင်ကိုပါပြောင်းလဲစေနိုင်ပြီးနားမကြားတော့ခြင်းတို့လည်းဖြစ်နိုင်သည်။ကြာလာလျှင် မိမိကိုယ်ကိုယ်ယုံကြည်မှုကျဆင်းခြင်းနှင့် သိမ်ငယ်စိတ်များပါ၀င်လာနိုင်သည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly