အထိမ်းအမှတ်ရုပ်ရှင်ပွဲတော်တွင် မြန်မာ့ဂန္တဝင်ဇာတ်ကားများ ခေတ်မီနည်းပညာဖြင့် ပြန်လည်ဖော်ထုတ်

အထိမ်းအမှတ်ရုပ်ရှင်ပွဲတော်တွင် မြန်မာ့ဂန္တဝင်ဇာတ်ကားများ ခေတ်မီနည်းပညာဖြင့် ပြန်လည်ဖော်ထုတ်

အောက်တိုဘာ ၃၀ ။           ။ အထိမ်းအမှတ်ရုပ်ရှင်ကားပွဲတော်တွေ ပြည်တွင်းမှာ ကျငး်ပခြင်းအားဖြင့် မြန်မာ့ရုပ်ရှင် ကားအဟောင်းတွေကို ပြန်လည်ပြသနိုင်တဲ့ အဆင့်ထိ ပြင်ဆင် ထိန်းသိမ်းနိုင်လာကြောင်း ယနေ့ပြုလုပ်သော Memory ရုပ်ရှင်ပွဲတော် အကြို သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ဌာနအနေနဲ့က ဇာတ်ကားတွေကို ထိန်းသိမ်းထားတာပဲ လုပ်နိုင်တာ၊ (Digital Cinema Package) ပြန်ပြနိုင်တဲ့ အဆင့် ဖြစ်လာအောင်လုပ်ဖို့က ကုန်ကျစရိတ် အရမ်းများတယ်။ အစိုးရအနေနဲ့ မလုပ်နိုင်ဘူး။ သူတို့ဆီ ယူသွားပြီးမှ ပြငင်နိုင်တယ်။” ဟုသတင်းအချက်အလက်နှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်မှ ရုပ်ရှင်ကားများကို ထိန်းသိမ်းထားသောဌာန ရှိသော်လည်း ထိန်းသိမ်းထားသည့် အဆင့်သာရှိပြီး၊ ဟောင်းနွမ်းပျက်စီးလာသော ရုပ်ရှင်ကားထုပ်များကို ပြန်လည်   ပြင်ဆင်ပြသနိင်ရန် အစိုးရအနေဖြင့် ဘတ်ဂျက်မရှိသလို၊ နည်းပညာလည်းမရှိကြောင်း ယင်းပွဲမှ သိရသည်။

မန်မိုရီရုပ်ရှင်ပွဲတော်ကို ယခုနှစ်တွင် ငါးကြိမ်မြောက်အဖြစ် ရန်ကုန်မြို့တွင် ပြုလုပ်ခြင်းဖြစ်ပြီး ယခုအကြိမ်တွင် ပြင်ဆင်ထားသောဇာတ်ကားများဖြစ်သည့် ပျို့ချစ်လင်နှင့် မြဂနိုင်ရုပ်ရှင်ဇာတ်ကားများကို ထည့်သွင်းပြသ သွားမည်ဖြစ်သည်။

၂၀၁၄ ခုနှစ်က စတင်ခဲ့သော အဆိုပါပွဲတော်သည် အာရှတိုက်၏ ထူးခြားသော ရုပ်ရှင်ပွဲတော်ဟု ပြော၍ ရပြီး ပွဲတော်ဖြစ်မြောက်ရေးအတွက် ပြင်သစ်ရုပ်ရှင်မင်းသမီးကြီး ကက်ထရင်းဒူးနာဗ်နှင့် မြန်မာရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီဆွေဇင်ထိုက်တို့ အဓိကဆောင်ရွက်ခဲ့ကြပြီး  ပြင်သစ်ယဉ်ကျေးမှုဌာန၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် အခြားအဖွဲ့အစည်းအများအပြားမှ ပံ့ပိုးပေးခဲ့ကြသည်။

“ဂန္တဝင်ရုပ်ရှင်တွေကို ပြင်ဆင်ဖို့က သိပ်ခက်ပါတယ်။ အခြားနိုင်ငံမှာရောက်နေတဲ့ သမိုင်းတွေ၊ ရုပ်ရှင်အပိုင်းအစ တွေကိုပါ လိုက်ရှာပြီး ဖရိန် တစ်ခုချင်းကို လိုက်ပြန်ပြင်ပေးတာမို့ ဒေါ်လာသိန်းနဲ့ချီကုန်ပါတယ်။ နိုင်ငံတကာရဲ့ ပူးပေါင်းမှုနဲ့ ကိုယ်တွေ မလုပ်နိုင်တာကို လုပ်နိုင်တာ မြန်မာ့ရုပ်ရှင်အတွက် တိုးတက်မှုတစ်ခုပါပဲ” ဟု ရုပ်ရှင်ပွဲတော်ဖြစ်မြောက်ရေး ပံ့ပိုးကူညီသူတစ်ဦးဖြစ်တဲ့ ဒေါ်ဆွေဇင်ထိုက်က ပြောသည်။

လာမည့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအဖြစ် ၁၉၅၀ ခုနှစ်က ဒါရိုက်တာ ဦးတင်မြင့် ရိုက်ကူးခဲ့သော “ ပျို့ချစ်လင်” ရုပ်ရှင်ကားကို ၀ိဇယ ရုပ်ရှင်ရုံ၌ ပြသမည် ဖြစ်ပြီး ယင်းဇာတ်ကားမူရင်းဖလင်ကို နဂိုမူလ အရည်အသွေးအတိုင်း ပြန်ပြနိုင်ရေးအတွက် အီတလီရုပ်ရှင်ဓာတ်ခွဲခန်းတွင် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ မြန်မာ့ရုပ်ရှင်ရတနာများကဏ္ဍ အတွက် “ မြဂနိုင်” ဇာတ်ကား( ၁၉၃၄၊ ဒါရိုက်တာ ဦးတင်မောင်) ကိုလည်း ပြသမည် ဖြစ်ပြီး  ပွဲတော်ရုပ်ရှင်ကားများကို မနက် ၁၀ နာရီမှ ည ၈ နာရီအတွင်း ပြသသွားမည် ဖြစ်သည်။

ယခုရုပ်ရှင်ပွဲတော်တွင် ပြသမည့် မြန်မာ့ဂန္တဝင်ရုပ်ရှင်ကား၂ကားကို ပြင်ဆင်ခဲ့ရသောစရိတ်မှာ ဒေါ်လာသုံးသိန်းကျော်ကုန်ကျခဲ့ကြောင်းသိရသည်။

“အခုပြင်ထားနိုင်တဲ့ဇာတ်ကားက၂ကားဆိုတာ နည်းနေပါသေးတယ်။ နောက်နှစ်တွေမှာလညး် ကားထုပ်တွေကို ထပ်ပြင်ဖို့ အစီအစဉ်ရှိပါတယ်” ဟု Memory Cinema Association မှ ဥက္ကဋ္ဌ ဆစ်ဗယ်ရိုင်းဝေမေရ်က ပြောသည်။

နိုဝင်ဘာ ၃ ရက်နေ့မှ ၁၂ရက်နေ့အထိ ပြုလုပ်မည့် အဆိုပါရုပ်ရှင်ပွဲတော်တွင် မြန်မာအပါအဝင် နိုင်ငံတကာမှ ဇာတ်ကားပေါင်း ၆၀ ကျော်ကို ပြသသွားမှာဖြစ်ပြီး ဝဇီရာရုပ်ရှင်ရုံ၊ မဟာဗန္ဓုလပန်းခြံတို့တွင် ကျင်းပသွားမည် ဖြစ်သည်။

ထို့ပြင် နိုင်ငံအများအပြားတွင် ပြသခွင့် အကြိမ်ကြိမ်အခါခါ ပိတ်ပင်ခံခဲ့ရသည့် စိတ်ကူးယဉ်ဇာတ်လမ်းရုပ်ရှင်နှင့် မှတ်တမ်းရုပ်ရှင်ကားပေါင်း ၂၀ ကျော်ကို အများပြည်သူသို့ အခမဲ့ ပြသသွားမည်ဖြစ်ပြီး ရုပ်ရှင်ညီလာခံကို လည်း  ၂ ရက်ကြာ ပြုလုပ်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly