NCA လက်မှတ်ထိုးရန် ဆုံးဖြတ်ကြောင်း KNU ၊ DKBA ၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ နှင့် RCSS ထုတ်ပြန်

NCA လက်မှတ်ထိုးရန် ဆုံးဖြတ်ကြောင်း KNU ၊ DKBA ၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ နှင့် RCSS ထုတ်ပြန်

ချင်းမိုင် ၊ သြဂုတ် ၁၇ ။        ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန် သမ္မတ ဦးသိန်းစိန် ဖိတ်ခေါ်ချက်ကို လက်ခံကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော်(DKBA) ၊  ကရင် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့က အစိုးရနှင့် လက်မှတ်ရေးထိုး ရန် ဆုံးဖြတ်ကြောင်း သြဂုတ် ၁၇ ရက်က ပူးတွဲသဘောထား ထုတ်ပြန်လိုက်သည်။

မိမိတို့၏ လက်နက်ဆက်လက် ကိုင်စွဲ၍ မိမိလူမျိုးနှင့် ဒေသကို ဆက်လက် ကာကွယ်နိုင်ခြင်း၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ၁၇/၂ တို့မှ ကင်းလွတ်ခွင့်ရှိခြင်း ၊နိုင်ငံရေးပြဿနာ  ကိုတွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် အဖြေရှာနိုင်ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နိုင်ငံရေးဆွေးနွေးပွဲမှတဆင့် ပြင်ဆင်ပြောင်းလဲနိုင်သည့် အခွင့်အရေး ရရှိနိုင်ခြင်းတို့ အပါအဝင် NCA တွင် ပါဝင်သော အချက်များ အားလုံး အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု မျော်လင့်၍ သမ္မတ ၏ ဖိတ်ခေါ်ချက်ကို လက်ခံရခြင်း ဖြစ်သည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလက  “ဒီအခွင့်အရေးတွေကတော့ အန်စီအေမှာပါတဲ့ အခွင့်တွေဖြစ်တယ်။ အဲဒါကိုကိုးကားပြီး ထုတ်ပြန်တာ ဖြစ်တယ်။ အာမခံချက်ကတော့ အစာချုပ်ချုပ် ရင်တော့ စာချုပ်အရ အခွင့်အရေး ရှိတယ်လို့ မျော်လင့်တယ်။ အန်စီအေမှာ ပြဌာန်းထားတဲ့အတိုင်း အခွင့်အရေးရရှိလိမ့်မယ်။ အဲဒီလိုခံယူတယ်။ မြန်မြန်ဆန် ဆန် ဆွေးနွေးသွားနိုင်မယ်လို့ ယုံကြည်ချက်နဲ့ ထိုးသင့်ပါတယ်လို့ ဆုံးဖြတ်ရခြင်း ဖြစ်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ထို့ပြင် ပစ်ခတ် တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်(Code of conduct) များကို အတည်ပြုနိုင်ခြင်းဖြင့် အပစ်အခတ် ရပ်စဲရေးကို စောင့်ကြည့်ခြင်း (Joint Monitoring of Ceasefire) နှင့် ပဋိပက္ခ ပြန်လည် ဖြစ်ပွားခြင်းကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပူးတွဲဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲ (political Dialigue) လုပ်ငန်းစဉ်ကို အကောင် အထည်ဖော် ကျင်းပနေစဉ် မိမိဒေသအတွင်း လူထုအကျုးိပြုလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ အပါအဝင် အခြားသော ပါဝင်သင့် ပါဝင်ထိုက်သူများနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်မည်ဟုလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် NCA လက်မှတ်ရေးထိုးမှုတွင် ပါဝင်ခြင်း မရှိသေးသည့် အခြားသော အဖွဲ့အစည်းများအတွက် လက်တွေ့ကျ သည့်နည်းနာကို အမြန်ဆုံးရှာဖွေကြရန်နှင့်နိုင်ငံရေးပြဿနာ ကိုနိုင်ငံရေး နည်းဖြင့်တွေ့ဆုံဆွေးနွေးကာ စုပေါင်း အဖြေရှာနိုင်မည့် အခွင့်အရေးကို အပြည့်အဝ ရယူနိုင်လိမ့်မည်ဟုလည်း ယုံကြည်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်က အဆိုပါ လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ အပါအဝင် အစိုးရ၊ တပ်မတော်၊ လွှတ်တော် ဥက္ကဌများ၊ တိုင်းရင်းသား ရေးရာဝန်ကြီး ၁၉ ဦး၊ နိုင်ငံရေးပါတီ ၅၅ ပါတီတို့က ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်ကို ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသဖြင့် မိမိတို့ လိုလားသော တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံသော ပင်လုံ စိတ်ဓါတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို ဖော်ဆောင်နိုင်ရေး အာမခံချက်များနှင့် ကတိပြုချက်များ ရရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly