၈ မှတ်ကွာသွားသော်လည်း ရီးယဲလ်အသင်း ပြန်လာနိုင်သည်ဟု နည်းပြဇီဒန်းပြော

၈ မှတ်ကွာသွားသော်လည်း ရီးယဲလ်အသင်း ပြန်လာနိုင်သည်ဟု နည်းပြဇီဒန်းပြော

 

အောက်တိုဘာ ၃၀၊ စပိန် ။                  ။ ရီးယဲလ်အသင်းသည် တန်းတက်ဂျီရိုနာအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည့်အတွက် အမှတ်ပေးဇယားထိပ်ဆုံးမှ ဘာစီလိုနာအသင်းနှင့် ၈ မှတ်အထိကွာဟသွားခဲ့ပြီ ဖြစ်သည်။

ဂျီရိုနာနှင့်ပွဲအပြီးတွင် ရီးယဲလ်နည်းပြဇီဒန်းက ဘာစီလိုနာနှင့် ၈ မှတ်ကွာသွားသော်လည်း ၎င်းတို့အသင်း ပြန်လာနိုင်စွမ်းရှိသည်ဟု ပြောဆိုခဲ့သည်။

“ဒီပွဲမှာ ကျွန်တော်တို့ သုံးမှတ်ဆုံးရှုံးခဲ့ပြီး ဘာစီလိုနာနဲ့ ၈ မှတ်ကွာဟသွားပေမယ့် ဘာမှ ပြောင်းလဲသွားခြင်း မရှိသေးပါဘူး။ ရီးယဲလ်အသင်းပြန်လာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ပြိုင်ဘက်က အမှတ်တွေဆုံးရှုံးဦးမှာဖြစ်သလို ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ နေ့ရက်တွေ ရောက်လာဦးမှာပါ” ဟု ဇီဒန်းက ပြောသည်။

ဂျီရိုနာနှင့်ပွဲတွင် ရီးယဲလ်အသင်းမှာ အစ္စကို၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ချေပဂိုးနှင့်အနိုင်ဂိုးများပြန်ပေးရကာ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ရီးယဲလ်အသင်း၏ ကစားပုံမှာ ဆိုးရွားသည်ဟု မထင်ကြောင်းလည်း ဇီဒန်းက ဆိုသည်။

“အသင်းရဲ့ကစားပုံက ဆိုးရွားတယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ကစားပုံက လျော့ရဲတယ်လို့လည်း မထင်ပါဘူး။ အနိုင်ရဖို့ကြိုးစားခဲ့တာပါပဲ။ အနိုင်မရခဲ့တာကတော့ စိတ်ပျက်စရာပါ။ သာမန်ထက်ပိုပြီး အာရုံမစူးစိုက်နိုင်ခဲ့ဘူးလို့ပဲ ထင်ပါတယ်” ဟု ဇီဒန်းက ပြောဆိုခဲ့သည်။

ရည်ညွှန်း မာကာ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly