ရခိုင်တွင် အခြေခံအဆောက်အအုံများအား ယခင်ထက်ပိုမိုကောင်းမွန်အောင် တည်ဆောက်ပေးမည်

ရခိုင်တွင် အခြေခံအဆောက်အအုံများအား ယခင်ထက်ပိုမိုကောင်းမွန်အောင် တည်ဆောက်ပေးမည်

ရန်ကုန်၊ အောက်တိုဘာလ ၂၉ ။            ။ ရခိုင်ပြည်နယ်အတွင်း အခြေခံအဆောက်အအုံများတည်ဆောက်ရာတွင် ယခင်ကထက် ပိုမိုကောင်းမွန်အောင် တည်ဆောက်ပေးမည်ဟု ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှု အကူအညီအထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုး ရေးစီမံကိန်း (UEHRD) ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက် က ပြောသည်။

“ နဂိုရှိတဲ့ဟာကို နဂိုတိုင်းပြန်လုပ်တာ လူတိုင်းလုပ်နိုင်တယ်။ အဲ့ဒီတော့ ဆရာတို့အနေနဲ့ နိုင်ငံမှာ တာဝန်ရှိတာ က ဒီထက်ကောင်းအောင်လုပ်မယ်။ ပြန်ပြီးတည်ဆောက်ရတာ လွယ်တာတော့ မဟုတ်ဘူး။ သို့သော်လည်း ဒီထက်ပိုပြီးကောင်းအောင်လုပ်နိုင်တယ်” ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်ကပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အတွင်း ဦးစားပေးပြန်လည်တည်ဆောက်ရေးအနေဖြင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား   ပြန်လည်နေရာ ချထားရေးအတွက် ကြိုဆိုရေးဌာနများ၊ ပျက်စီးနေသည့် အခြေခံအဆောက်အအုံများနှင့် လိုအပ်နေသည့် အခြေခံအဆောက်အအုံများအား လာမည့်အပတ်အတွင်း စတင်တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ ဆရာ မနေ့က ရခိုင်က ပြန်လာတော့ ဟိုက လိုအပ်ချက်တွေ သိလာပြီ။ လိုအပ်ချက်တွေသိတဲ့အတွက် အဲ့ဒီမှာ အဆောက်အဦ ဘယ်နှစ်လုံးလိုတယ်။ အိမ်သာ ဘယ်နှစ်လုံးလိုတယ်။ မီးလိုတယ်၊ ရေလိုတယ် သိနေ တယ်။ အဝီစိတွင်း ၁၆ တွင်းတူးမယ်။ အဲ့ဒါတွေလုပ်ဆောင်ဖို့ ပြည်နယ်ဝန်ကြီးချုပ်ဆီကနေ ဒီနေ့၊ မနက်ဖြန် ခွင့်ပြုချက်ရတာနဲ့ ဆရာတို့သွားဖို့ အစီစဉ်ရှိတာပေါ့”ဟု ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

ယနေ့ အောက်တို ဘာလ ၂၉ ရက်၊ နံနက် ၉ နာရီ၊ ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာ များအသင်းရုံးတွင် (UEHRD) ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်နှင့် ဆောက် လုပ်ရေးနှင့် အခြေခံအဆောက်အဦးတည်ဆောက်ရေးအဖွဲ့တို့က ရခိုင်ပြည်နယ်အတွင်း အခြေခံ အဆောက် အအုံများ စတင်တည်ဆောက်ရန်နှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့ ရခိုင်ပြည်နယ်အတွင်း အခြေခံအဆောက်အအုံများပြန်လည်ဆောက်နိုင်ရန်အတွက် UEHRD အနေဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ ၉ဖွဲ့တွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ စုပေါင်းပြီး   ဆောက်လုပ်ရေးနှင့် အခြေခံ အဆောက်အဦတည်ဆောက်ရေးအဖွဲ့ (CITF) အနေဖြင့် ပါဝင်ခြင်းဖြစ်ကာ ယင်းအဖွဲ့အနေဖြင့် လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက်လည်း လုပ်ငန်းအဖွဲ့ ၈ ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထား ရေးဖွံ့ ဖြိုးရေးစီမံကိန်း (UEHRD) ကို အောက်တိုဘာလ ၁၅ ရက်က ဖွဲ့စည်းခဲ့ပြီး အဆိုပါ စီမံကိန်းများ လုပ်ဆောင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ဒေါ်လာ ၄ဝဝဝ နှင့် စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၂၂ဦးက စုစုပေါင်း ကျပ်သိန်း ၁၆၇ဝဝဝ လှူဒါန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly