မြေပုံမြို့ ဘင်္ဂါလီဒုက္ခသည်စခန်းကို လာရောက်သည့် RI အဖွဲ့ တားဆီးခံရ

မြေပုံမြို့ ဘင်္ဂါလီဒုက္ခသည်စခန်းကို လာရောက်သည့် RI အဖွဲ့ တားဆီးခံရ
ဓာတ်ပုံ - RI အဖွဲ့၏ ခရီးစဉ်ကို တားဆီးခဲ့သည့် လူအုပ် (ဓာတ်ပုံ - RiA)

မြေပုံ၊ အောက်တိုဘာ ၂၉ ရက်။    ။ ဘင်္ဂါလီဒုက္ခသည်စခန်းသို့ ကျန်းမာရေး စစ်ဆေးနိုင်ရန် လာရောက်သည့် Relief International (RI) အဖွဲ့၏ ခရီးစဉ်ကို အင်အား ၁၀၀ ထက်မနည်း ပါဝင်သည့် လူအုပ်က တားဆီးခဲ့ သည်။

ပြည်နယ်အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် မြေပုံမြို့နယ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတွင်း ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန် RI အဖွဲ့သည် မြေပုံမြို့နယ်သို့ အောက်တိုဘာလ ၂၅ ရက်နေ့က ရောက်ရှိလာပြီးနောက် ယခုလို တားဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း မြေပုံမြို့နယ်ရဲတပ်ဖွဲ့က ပြောသည်။

မြို့နယ်အုပ်ချူပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆိုပါလူအုပ်ကို ဖယ်ရှားရန် တောင်းဆိုခဲ့သော်လည်း ဖယ်ပေးခြင်းမရှိသောကြောင့် RI အဖွ့ဲအနေဖြင့် လှည့်ပြန်ခဲ့ရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်အမျိုးသမီးကွန်ရက်အဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ခင်သိန်းနှင့် တွဲဘက်အတွင်းရေးမှူး မအေးဝင်းကြည်၊ မြို့မိမြို့ဖအဖွဲ့ဝင် ဦးသန်းညွန့်တို့ကို မြို့နယ်ရဲတပ်ဖွဲ့က ပြစ်မှုဆိုင်ရာအမှတ် ၁၅၇/၂၀၁၇၊ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အောက်တိုဘာလ ၂၆ ရက်နေ့ညတွင် အမှုဖွင့်ခဲ့ပြီး တရားရုံးတင် စစ်ဆေးနိုင်ရန် မျက်မြင်သက်သေများကို ခေါ်ယူစစ်ဆေးလျက်ရှိသည်။

“ ဦးဆောင်သူ ၃ ဦးကို အမှုဖွင့်ထားတယ်၊ မျက်မြင်သက်သေတွေကိုလည်း ခေါ်စစ်နေတယ်။ ဘယ်နေ့ ရုံးတင်မလဲ ဆိုတာကတော့ မသိရသေးပါဘူး” ဟု မြေပုံမြို့နယ်ရဲစခန်း စခန်းမှူး ဒုရဲမှူး အောင်တင်မိုးက RiA သို့ ပြောသည်။

အဆိုပါ ၃ ဦးအနက် မအေးဝင်းကြည်မှာ စက်တင်ဘာလ ၁၂ ရက်နေ့က အမျိုးသမီးတစ်ဦး (ဘင်္ဂါလီ ဒုက္ခသည်များသို့ ရိက္ခာရောင်းသည်ဟု စွပ်စွဲခံရသော မြေပုံမြို့နယ် ရွာသစ်ကေ ကျေးရွာနေ ဒေါ်စိုးချေ) ကို အုပ်စုဖွဲ့ရိုက်နှက်ခဲ့မှုတွင် တာဝန်ရှိသူများအဖြစ် စွပ်စွဲခံထားရသည့် ၃ ဦးအနက် တစ်ဦးဖြစ်ပြီး ထိုစဉ်က ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုခံထားရသူလည်း ဖြစ်သည်။

 

ယခုလို မြေပုံမြို့နယ်အတွင်း ဘင်္ဂါလီမူဆလင်များအား ဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး တစ်လအတွင်း နှစ်ကြိမ်ဆက်တိုက် ပါဝင်ခဲ့သော ရခိုင်အမျိုးသမီးကွန်ရက်သို့ ဆက်သွယ်ခဲ့သော်လည်း “ယခု မအားသေး”  ဟုဆိုကာ ဆက်သွယ်မေးမြန်းခွင့် မရခဲ့ပေ။

စက်တင်ဘာလ ဒုတိယသီတင်းပတ်အတွင်းက မြေပုံမြို့နယ်သို့ RiA သတင်းအဖွဲ့မှ ကိုယ်တိုင် သွားရောက်ခဲ့ပြီး နှစ်ဘက် လူ့အသိုင်းအဝန်း ဆက်ဆံရေးများကို မေးမြန်းစုံစမ်းခဲ့ရာတွင် မူဆလင်မုန်းတီးရေးလှုပ်ရှားမှုများကို ဦးဆောင်နေသူများသည် မြို့၏ သြဇာရှိသူများ ဖြစ်နေပြီး မြို့နယ်အုပ်ချူပ်ရေး တာဝန်ရှိသူများကပင် ၎င်းတို့နှင့် ကောင်းမွန်သည့် ဆက်ဆံရေးလိုလားသည်ကို တွေ့ခဲ့ရသည်။

ယင်းအပြင် စက်တင်ဘာလအတွင်းက ဖြစ်ပေါ်ခဲ့သော မူဆလင်ဒုက္ခသည်များကို ရိက္ခရောင်းသူဟု စွပ်စွဲချက်ဖြင့် လူအုပ်စု၏ ရိုက်နှက်မှုကို ခံရသည့် ဒေါ်စိုးချေ၏ ဖြစ်စဉ်တွင်လည်း တာဝန်ရှိသူ ၃ ဦးကို မြေပုံမြို့နယ်ရဲစခန်းမှ ပြစ်မှုအမှတ် ၁၃၂/၂၀၁၇ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၃၊ ၅၀၀၊ ၃၅၄ စသည့် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့် တရားစွဲဆို ခဲ့သော်လည်း အမှု၏ နောက်ဆက်တွဲများကို စုံစမ်းရယူရန် ခက်ခဲနေသလို အမှုမှာ ကျေအေးလိုက်ပြီဟုပင် သတင်းရင်းမြစ်များက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly