ငါးဘတ်မွှေလေး ချက်စားရအောင်

ငါးဘတ်မွှေလေး ချက်စားရအောင်

 

မင်္ဂလာပါ

ဒီတစ်ပတ်ပိတ်ရက်မှာ ငါးဘတ်မွှေလေးချက်စားရအောင်။ ဒီအချိန်ဆို ဈေးတော်တော်များများမှာ ငါးဘတ် လတ်လတ်တွေ ပေါပေါများများ ရတတ်ပါတယ်။ ငါးဘတ်မွှေကိုတော့  လူကြီးရော ကလေးရော ကြိုက်ကြမှာပါ။ ငါးဘတ်က အကောင်ကြီးလေ အသားပေါလေပါပဲ။ ဒါပေမယ့် ၃၅ကျပ်သားတစ်ကောင်လောက်ဆိုရင် မိသားစု ၄ ဦး လောက်ကို ညမနက် စားလောက်နိုင်ပါတယ်။

ငါးဘတ်မွှေချက်ဖို့လို အပ်တာတွေကတော့

ငါးဘတ် ၃၅ကျပ်သား

ငရုတ်သီးအပုမှုန့် အနည်းငယ်

ငံပြာရည် အနည်းငယ်

စပါးလင်  ၃ပင်

ချင်း  အနည်းငယ်

ပင်စိမ်းရွက် အနည်းငယ်

ကြက်သွန်နီ  ၁ဥ

ကြက်သွန်ဖြူ ၁ဥ လိုအပ်ပါတယ်။ 

ပြီးရင်တော့ ငါးကိုရေသန့်စင်အောင်ဆေးပြီး ၃ပိုင်းပိုင်းပါ။ဆား နနွင်း ငံပြာရည်ထည့် နယ်ပါ။ ပြီးရင်တော့ရေလေး အနည်းငယ်ထည့်ပြီး စပါးလင် အရိုးရင့်လေးတွေကို ထည့်ပြုတ်ပါ။ ငါးပြုတ်တာ ငါးမိနစ်လောက်ကြာရင် တော့ အဖုံးဖွင့်၊ မီးပိတ် အအေးခံပါ။

ငါးပြုတ်တာ အေးသွားရင်တော့ အသားလေးတွေ နွှင်ပါ။ အခုလိုပြုတ်ပြီး အရိုးမပါအောင်နွှင်တဲ့ အခါ ကလေးရော လူကြီးပါ ငါးရိုးစူးမယ့် အန္တရယ်ကနေ  ကင်းဝေးစေမှာပါ။ အသားလေးတွေ နွှင်ယူပြီးသွားရင်တော့ ချင်း စပါးလင်နုနု ကြက်သွန်ဖြူနီ နဲ့ ငရုတ်အပုမှုန့်လေးတွေကို ခပ်ညက်ညက်ထောင်းထားပါ။

ဆီ ၅ကျပ်သားလောက်ကို အပူပေးပါ။  ပြီးရင် ငရုတ်သီး ဆီသတ်ပါ။ ရဲပြီး မွှေးလာတဲ့ အထိ ဆီသတ်ပါ။

ဆီသတ်တာ မွှေးလာရင် တော့ ငါးအသားနွှင်ထားတာလေးတွေကို ထည့်ပါ။ ငါးအသားလေးတွေ ရဲနေအောင်လှိမ့်ပါ။

ဆီပြန်ပြီးရဲလာရင်တော့ ပင်စိမ်းရွက်လေး ထည့်လိုက်ပါ။ ဒါဆိုရင်တော့ အနံ့အရသာပြည့်စုံတဲ့ ငါးဘတ်မွှေလေး ရပါပြီ။ထမင်းပူပူလေး နဲ့ တွဲစားလိုက်ရင်တော့ ဆွေမျိုးမေ့ပေါ့နော်။ ငရုတ်သီး အစပ်ကြိုက်ရင်တော့ ငရုတ်သီးစိမ်းလေးတွေ ခွဲထည့်လို့ ရပါတယ်။

အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။ ဒီအစီအစဉ်ကို COOK မှ အဓိက ကူညီပံ့ပိုးပေးပါတယ် ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly