နေပြည်တော် လွှတ်တော်ကို ဒရုန်းဖြင့် ရိုက်ကူးရန် ကြိုးပမ်းသူများကို သီးခြားစီ အချုပ်ချထား

နေပြည်တော် လွှတ်တော်ကို ဒရုန်းဖြင့် ရိုက်ကူးရန် ကြိုးပမ်းသူများကို သီးခြားစီ အချုပ်ချထား
ကိုအောင်နိုင်စိုးနှင့် ယာဉ်မောင်း ဦးလှတင်ကို ထိန်းသိမ်းထားသည်ဆိုသည့် ပျဉ်းမနားအချုပ်ထောင်အား ၂၀၁၇ခုနှစ်၊ အောက်တိုဘာ ၂၈ရက်၊ မွန်းလွဲပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ-မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၂၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦအား ဒရုန်း(Drone) ဖြင့် ရိုက်ကူးရန် ကြိုးပမ်းနေစဉ် ဖမ်းဆီးခံထားရသူ ၄ဦးအနက် နိုင်ငံခြားသား သတင်းထောက်(၂)ဦးနှင့် မြန်မာ ၂ဦးကို သီးခြားစီ ထိန်းသိမ်းထားသည်ဟု နေပြည်တော်၊ အမှတ်(၅)ရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်ထွန်းထွန်းဝင်းက အောက်တိုဘာ ၂၈ရက်၊ မွန်းလွဲပိုင်းတွင် အတည်ပြု ပြောကြားသည်။

 “နိုင်ငံခြားသား တရားခံ(ရဲတပ်ဖွဲ့က တရားခံဟု ယူဆထားသူ) ၂ဦးကိုတော့ အမှတ် ၁ ရဲစခန်းမှာ ချုပ်ပါတယ်။ မြန်မာနိုင်ငံသား ၂ဦးကိုတော့ ပျဉ်းမနားအချုပ်ထောင်မှာ ချုပ်ထားပါတယ်” ဟု စခန်းမှူးက ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်ကာပူနိုင်ငံသား LAU HON MENG တို့နှင့်အတူ မြန်မာနိုင်ငံသား စကားပြန် ကိုအောင်နိုင်စိုးနှင့် ယာဉ်မောင်း ဦးလှတင်တို့ စုစုပေါင်း (၄)ဦးဖြစ်သည်။

ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်ထား

လက်ရှိတွင် ထောင်ဒဏ် ၃နှစ်အထိ ချမှတ်နိုင်သော ပို့ကုန်သွင်းကုန်ဥပဒေ၊ ပုဒ်မ(၈)ဖြင့် ၎င်းတို့ ၄ဦးစလုံးကို အမှတ်(၅)ရဲစခန်းတွင် အမှုဖွင့်ထားသည်။

“အမှုဖြစ်စဉ်ကတော့ ACE ဂိတ် လွှတ်တော်မြောက်ဘက်ခြမ်းမှာ ဒရုန်းလွတ်တာပေါ့နော်။ အဲ့ဒါကို တာဝန်ရှိတဲ့သူတွေကနေပြီးတော့ အဲ့ဒီနေရာမှာပဲ စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါ Drone က အခွန်ဆောင်ပြီးတော့ သွင်းလာတဲ့ Drone မဟုတ်ဘူး။ အဲ့ဒါမျိုးမဟုတ်တဲ့ အခါကတော့ ကျွန်တော်တို့က သူတို့ ၄ဦးကို ရဲစခန်းမှာ အမှုဖွင့်တယ်။ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ(၈)နဲ့ ဖွင့်ပြီးတော့ အခုလက်ရှိ အရေးယူထားတယ်” ဟု စခန်းမှူး ရဲအုပ်ထွန်းထွန်းဝင်းက ဆိုသည်။

မိသားစုတွေ့ခွင့် မရ

ဖမ်းဆီးခံထားရသူများအနက် မြန်မာနိုင်ငံသား(၂)ဦးကို ပျဉ်းမနားအချုပ်ထောင်တွင် ထားရှိသည်ဟု အမှတ်(၅)စခန်းမှူးက ပြောကြားသော်လည်း ရန်ကုန်မြို့က လိုက်လာသည့် ကိုအောင်နိုင်စိုး၏ မိဘ ၂ပါးမှာ သားဖြစ်သူနှင့် တွေ့ခွင့်မရရှိသေးပေ။

“အခု ပျဉ်းမနားအချုပ်ကို လာပြီးတော့ သူ့မိဘနှစ်ပါး တွေ့ဖို့ ကြိုးစားတဲ့အခါကျတော့ စစ်ကြောရေးလုပ်နေတဲ့အတွက် တွေ့ခွင့်မပေးနိုင်သေးဘူးလို့ (ပျဉ်းမနားရဲစခန်း၊ စခန်းမှူးက)ပြောပါတယ်။ တစ်ရက်၊ နှစ်ရက် နေပြီးရင်တော့ တွေ့ခွင့်ရမယ်လို့ သူတို့ဘက်က ပြောပါတယ်” ဟု ကိုအောင်နိုင်စိုး၏ မိဘများနှင့်အတူ အမှုကို လိုက်ပါဆောင်ရွက်နေသူ ကိုရဲထူးက ယနေ့ မွန်းလွဲ ၂နာရီကျော်က ပျဉ်းမနားအချုပ်ထောင်ရှေ့တွင် မီဒီယာများကို ပြောကြားသည်။

ပျဉ်းမနားအချုပ်ထောင်မှ လုံခြုံရေးတာဝန်ကျသူများကမူ “ဒီမှာမရှိဘူးလို့ ပြောပါတယ်” ဟုလည်း ကိုရဲထူးက ဆိုသည်။

ရဲလုပ်ထုံးလုပ်နည်းအရ အမှုစစ်ဆေးနေစဉ် မိသားစုက တွေ့ခွင့်ရရန် ခက်ခဲနိုင်သည်ဟုလည်း ဖမ်းဆီးခံထားရသူ ကိုအောင်နိုင်စိုးအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေဖြစ်သူ ဦးနေတူးက သုံးသပ်သည်။

“တွေ့ခွင့်မရဘူး၊ ရတယ် ဆိုတာကတော့ ရဲမှာက သူတု့ိ စစ်ဆေးနေတဲ့အချိန်ဆိုရင်တော့ တွေ့ဖို့ ခက်ခဲလိမ့်မယ်” ဟု ဦးနေတူးက ပြောသည်။

အာမခံရရန် မသေချာ

ပို့ကုန်သွင်းကုန်ဥပဒေ၊ ပုဒ်မ(၈)အရ အမှုဖွင့်ခံထားရသူ ၄ဦးကို “အာမခံပေးလို့ မရပါဘူး” ဟု အမှတ်(၅)ရဲစခန်း စခန်းမှူးက ပြောကြားသည်။

အထက်တန်းရှေ့နေ ဦးနေတူးကမူ အာမခံရရေး ကြိုးပမ်းသွားရန် ရှိနေပြီး ဆေးလက်မှတ် ထောက်ခံချက် ရရှိပါက အာမခံရနိုင်သည်ဟု ဆိုသည်။

“အာမခံက တစ်ခါတစ်လေတော့ ပေးလေ့ရှိတယ်။ ဆေးထောက်ခံစာရရင်တော့ ရဖို့ ရှိပါတယ်” ဟု ဦးနေတူးက မဇ္ဈိမကို ပြောသည်။

ရဲလုပ်ထုံးလုပ်နည်းအရ ဖမ်းဆီးထိန်းသိမ်းပြီး ၂၄နာရီမကျော်ခင် ရမန်ယူရမည်ဖြစ်ပြီး ၁၄ရက်အတွင်း အမှုဖွင့်ထားသည့် မြို့နယ်တရားရုံးတွင် ရုံးထုတ်ရမည် ဖြစ်သည်။

အောင်နိုင်စိုးနေအိမ် ရဲက ဝင်စစ်

နေပြည်တော်တွင် ဖမ်းဆီးခံထားရသည့် ကိုအောင်နိုင်စိုး၏ နေအိမ်သို့ ယမန်နေ့ ညပိုင်းတွင် ရဲအင်အား ၂၀ခန့်က လာရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သေးသည်။

“(Memory) Stick ယူသွားတယ်။ အဲ့ဒါ စခန်းယူသွားတယ်။ အထဲမှာ အလှပုံတွေပဲရှိတယ်။ ဘာမှမရှိပါဘူးလို့ စခန်းမှူးလည်း ပြောပါတယ်” ဟု ကိုအောင်နိုင်စိုး၏ ဖခင်ဖြစ်သူ ဦးအောင်ကျော်စိုးက မဇ္ဈိမကို ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမှုဖြစ်စဉ်

တူရကီနိုင်ငံ အခြေစိုက် စင်္ကာပူရုံးခွဲ TRTသတင်းဌာနမှ မလေးရှားနိုင်ငံသူတစ်ဦး၊ စင်္ကာပူနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားများဖြစ်သည့် စကားပြန်တစ်ဦးနှင့် ယာဉ်မောင်းတစ်ဦး စုစုပေါင်း ၄ဦးပါဝင်သော အဖွဲ့သည် ယမန်နေ့ နံနက် ၁၀နာရီခန့်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၂၇)အနီး၌ ဒရုန်းတစ်စင်းအား လွှတ်တင်နေ ကြောင်း ဆက်သွယ်အကြောင်းကြားချက်အရ ရဲမှူးဆန်းအောင် ဦးဆောင်သော အဖွဲ့က သွားရောက်စစ်ဆေးရာ ၎င်းတို့လေးဦးနှင့်အတူ MAVIC အမျိုးအစား ဒရုန်းခဲရောင်နှင့် Remote Control အားတွေ့ရှိရသည်ဟု ယမန်နေ့ညပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၏ ဖေ့စ်ဘွတ်တွင် ထုတ်ပြန်ထားသည်။

လွှတ်တော် အဆောက်အဦများအား ခွင့်ပြုချက်မရှိဘဲ ဒရုန်းဖြင့် ရိုက်ကူးရန် ကြိုးပမ်းခဲ့သည့်အတွက် ၎င်းတို့အား သက်ဆိုင်ရာက ခေါ်ယူမေးမြန်းလျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags