ရေဘေးကူညီကယ်ဆယ်ရေး အခက်အခဲများ အဆင်ပြေစေရေး

ရေဘေးကူညီကယ်ဆယ်ရေး အခက်အခဲများ အဆင်ပြေစေရေး

မြန်မာနိုင်ငံမှာ သြဂုတ်လဆန်းကတည်းက တိုင်းနှင့်ပြည်နယ် ၁၁ ခု ရေဘေးသင့်ခဲ့ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူများရဲ့ ထုတ်ပြန်ချက်အရဆိုလျှင် လူဦးရေ တစ်သန်းနီးပါး အိုးအိမ်များ စွန့်ခွာခဲ့ကြရပြီး လူဦးရေ ၁၀၀ ကျော် သေကြေပျက်စီးခဲ့ပြီလို့ သိရပါတယ်။

ရေဘေးသင့်တဲ့ နေရာတွေကိုကြည့်ရင် အစပိုင်းမှာ မိုးအဆက်မပြတ် ရွာသွန်းတဲ့ မြန်မာပြည် အထက်ပိုင်းမှာ စတင်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာတော့ မြစ်ဝကျွန်းပေါ်ဒေသတွေဆီမှာ ဆက်လက်ရေကြီးခဲ့ပါ တယ်။ ချင်းပြည်နယ်မှာကျတော့ ရေဘေးတင်မက မြေပြိုမှုတွေပါ ဖြစ်ပွားပြီး မြို့တွေ ရွာတွေ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။

ရေကြီးရေလျှံ ဖြစ်မှုကြောင့် လမ်းတွေ၊ တံတားတွေ၊ ဆည်တာတမံတွေ အများကြီး ပျက်စီး ခဲ့ရပါတယ်။ စနစ်တကျ စာရင်းဇယား ကောက်ယူထုတ်ပြန်နိုင်ခြင်းပင် မပြုနိုင်သေးပါဘူး။ ပြန်လည် ပြုပြင်နိုင်ဖို့ ဆိုတာကတော့ ဘယ်ဆီနေမှန်းပင် မသိနိုင်သေးပါဘူး။

မနေ့တနေ့ကပဲ ကျောင်းကုန်းမြို့နယ်ထဲက ဒါးကမှာ ရေဘေးသွားရောက် ကူညီကယ်ဆယ် ရေးလုပ်ရင်း ကားတစ်စင်း ရေနစ်ခဲ့ပါတယ်။ ကားမောင်းသူနဲ့ ကားအကူလုပ်သူတို့က ကားခေါင်းထဲက ထွက်နိုင် လို့ အသက်ချမ်းသာရာ ရခဲ့ပေမယ့် ရဟန်းတော်နှစ်ပါးနဲ့ လူပုဂ္ဂိုလ်သုံးဦးကတော့ ရေနစ်သေ ဆုံးကြရပါတယ်။ ဒီလို ဘာ့ကြောင့်ဖြစ်ရသလဲ ဆိုတော့ ရှေ့က သွားနှင့်တဲ့ ကားတွေနဲ့ အခင်းဖြစ်တဲ့ ကားရှေ့နောက်အဆက်ပြတ်ပြီး လမ်းဘေးကို ဆင်းချလိုက်မိတာရယ်၊ အဲဒီလမ်းဘေးက ချိုင့်ကြီးရှိ နေတာရယ်ကြောင့် ချောက်ထဲကျသွားတဲ့ကား ရေနစ်သလိုဖြစ်ပြီး ကြမ္မာငင်ခဲ့ကြရတဲ့ သဘောပါပဲ။

အခုဆိုရင် ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ မြေပြိုမှုတွေ ဖြစ်နေပါတယ်။ လမ်းတွေ ပျက်ကုန် ပါတယ်။ တောင်ပြိုတာတွေနဲ့ အိမ်တွေအောက်ကအစ မြေကြီးတွေ ကွဲအက်လာတဲ့အထိ ဘေးဒုက္ခ ကြုံနေကြ ရပါတယ်။ သွားရေးလာရေး ခက်ခဲကုန်ပါတော့တယ်။

ဒီလို သဘာဝဘေးဥပါဒ်ကြောင့် လူတွေ ရွာတွေ မြို့တွေ ပျက်စီးကြရ ဒုက္ခရောက်ကြရတဲ့ သတင်းကို တခြားဘေးဥပါဒ် မသင့်တဲ့ ဒေသကပြည်သူတွေ ကြားတဲ့အခါ ကူညီကယ်ဆယ်ရေး အလုပ်တွေ လုပ်ကြရပါတယ်။ ရသမျှ စုဆောင်းမိသမျှ စားနပ်ရိက္ခာတွေ အသုံးအဆောင်တွေ ဆေးဝါးတွေကို ကားတွေ၊ လှေတွေနဲ့တင်ပြီး ဘေးသင့်နေတဲ့ပြည်သူတွေဆီ ခရီးနှင်ကြရပါတယ်။

ကိုယ်ချင်းစာစိတ် အမျိုးသားရေးစိတ်နဲ့သာ ခရီးနှင်ပြီး ဒုက္ခတွင်းက သားချင်းတွေဆီ ကမျော သောပါး ရောက်လာကြရပေမယ့် ခရီးလမ်း အတွေ့အကြုံမရှိတဲ့အခါ လမ်းခုလပ်မှာတင် မမျှော်လင့်တဲ့ အခက်အခဲတွေနဲ့ ကြုံကြရပါတယ်။ ကားတွေ တိမ်းမှောက်ခြင်း၊ လှေမှောက်ခြင်း၊ ယုတ်စွအဆုံး လမ်းတွေ မှားလို့ မကုန်သင့်ဘဲ အချိန်တွေကုန် အခက်အခဲတွေ ပိုရှိလာတဲ့အထိ နေ့စဉ် ကြုံလာကြရ ပါတယ်။

ဥပမာအနေနဲ့ပြောရရင် မကွေးတိုင်း စေတုတ္တရာမြို့ ရေဘေးသင့်ပြည်သူတွေဆီ ကူညီကယ် ဆယ်ရေးသွားကြတဲ့ ကားတွေဟာ ဘယ်လမ်းက သွားရမယ်၊ ဘယ်နေရာမှာ ကားတွေအတွက် အဆင်းအတက် အကွေ့အကောက်များတယ်၊ ဘယ်နေရာတွေမှာ တယ်လီဖုန်း လက်လှမ်းမီတယ် မမီဘူး အစရှိတဲ့အခြေအနေတွေကို ရုတ်တရက် အမှန်အတိုင်း မသိနိုင်ကြပါဘူး။ ဒီတော့ကာ ကားလမ်းရေကျော်တဲ့ နေရာတွေမှာ ကားရေနစ်တာမျိုး၊ ရေနည်းတဲ့အထိ ညအိပ်စောင့်ကြရတာမျိုးနဲ့ အင်မတန်အန္တရာယ်ကြီးတဲ့ အဆင်းအတက်လမ်းတွေနဲ့ တွေ့ကြရပါတော့တယ်။

ဒါကြောင့်မို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အန္တရာယ်ကင်းစွာနဲ့ အလျင်အမြန် လိုရာခရီးရောက် ဖို့အတွက် သက်ဆိုင်ရာ နယ်မြေတာဝန်ရှိသူများ၊ အရင်ရောက်နှင့်ပြီးတဲ့ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်း များအနေနဲ့ လမ်းခရီး အခြေအနေ သတင်းများကို အဆက်မပြတ် ထုတ်ပြန်ကူညီပေးကြဖို့ လိုအပ် ကြောင်း တင်ပြနှိုးဆော်လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags