မီနီအိုးဝေ အသေးစား သုံးဘီးအငှားယာဉ်များ မန္တလေးမြို့တွင် စတင်ပြေးဆွဲ

မီနီအိုးဝေ အသေးစား သုံးဘီးအငှားယာဉ်များ မန္တလေးမြို့တွင် စတင်ပြေးဆွဲ

မန္တလေး၊ အောက်တိုဘာ ၂၇ ။              ။ မန္တလေးမြို့သူမြို့သားများ နှင့် မန္တလေးမြို့ရောက် ပြည်တွင်းပြည်ပ ဧည့်သည်များ သွားလာရေး အဆင်ပြေ လွယ်ကူစေရန် အောက်တိုဘာလ စတုတ္ထအပတ်မှစတင်၍ မီနီအိုးဝေ (Mini Oway) အမည်ဖြင့် အသေးစား သုံးဘီးအငှားယာဉ် အစီးရေ ၅၀ကျော် စတင်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

Oway Ride ကုမ္မဏီ မှ မန္တလေးမြို့တွင် မီနီ အိုးဝေ (Mini Oway) အမည်ဖြင့် ပြေးဆွဲနေခြင်းဖြစ်ပြီး အစီးတိုင်း တွင် GPS စနစ် တပ်ဆင်ထားရာ ခရီးစဉ်တိုင်းအား မှတ်တမ်းတင်ထားသည့်အတွက် ဈေးသက်သာစွာ နှင့် လုံခြုံစိတ်ချစွာ စီးနိုင်မည်ဖြစ်သည်။

'' မန္တလေးက ရန်ကုန်မှာလို Taxi မပေါဘူး၊ ကား Taxi ငှားလို့ မရဘူး၊ မန္တလေးမှာ အများစုက ဆိုင်ကယ် Taxi ဖြစ်နေတော့ ငှားစီးရတဲ့အပိုင်းမှာ အဆင်မပြေတာတွေ ရှိတယ်၊ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ သွားလာရေး လွယ်ကူအဆင်ပြေစေအောင် လုံခြုံရေး ချောမွေ့မှုရှိအောင်၊ ဈေးနှုန်းသက်သက်သာသာနဲ့ စီးနိုင်အောင် ၊ အသေးစား သယ်ယူပို့ဆောင်ရေးယာဉ် အစီးရေ ၅၀ ကျော် စတင်ပြေးဆွဲပေးနေတာပါ၊ ငှားရမ်းခ ကို ကီလိုမီတာနဲ့ တွက်ချက်ပေးမှာပါ၊ နောက်ပိုင်း လိုအပ်ချက်အပေါ် မူတည်ပြီး အစီးရေ တိုးသွားမှာပါ '' ဟု ဦးကျော်မင်းဆွေ ( Senior Director & Head of Oway Ride )က ပြောသည်။

ထို့ပြင် အမိုးအကာများပါသည့်အတွက် မည်သည်ရာသီဥတုမဆို သွားလာရအဆင်ပြေမည်ဖြစ်ပြီး ထိုင်းမှ အငှားယာဉ်သုံးဘီးတုတ်တုတ်ကဲ့သို့ ပုံစံမျိုး ဖြစ်သည်။

မန္တလေးမြို့တွင် အငှားယာဉ်အချို့ရှိသော်လည်း ခရီးစဉ်တစ်ကြောင်းလျှင် ကျပ် ၅၀၀၀ မှ ၇၀၀၀ ကြားရှိပြီး လေဆိပ်ဆိုလျှင် ကျပ် ၁၂၀၀၀ မှ ၁၅၀၀၀ အထိ ရှိသည်။

မီနီအိုးဝေ အသေးစား အငှားယာဉ်ကို မိုဘိုင်းအက်ပလီကေးရှင်း (Mobile Application) ဖြင့် Booking လုပ် ငှားရမ်းနိုင်သလို လမ်းပေါ်၌ လက်ဖြင့် တား၍ ငှားရမ်းနိုင်မည်ဖြစ်ပြီး Mobile Application ဖြင့် ငှားရမ်းသည် ဖြစ်စေ၊ လမ်းပေါ်မှာ ငှားရမ်းသည်ဖြစ်စေ ငှားရမ်းခ အတူတူ သတ်မှတ်ထားသည်။

Mini Oway အသေးစား အငှားယာဉ် ငှားရမ်းခများအား ၁ ကီလိုမီတာ မကျော်လျှင် ၁၀၀၀ ကျပ်၊ ခရီး အကွာ အဝေး ၁ ကီလိုမီတာ ထပ်တိုးတိုင်း ၂၅၀ ကျပ်၊ လေဆိပ် အကြို/အပို့ကို ၁၀၀၀၀ ကျပ်၊ နေ့တစ်ဝက် ၅နာရီ ငှားရမ်းခကို ၁၅၀၀၀ ကျပ်၊ တစ်နေကုန် ၁၀ နာရီ ငှားရမ်းခကို ၂၅၀၀၀ ကျပ် သတ်မှတ်ထားသည်။

မန္တလေးမြို့တွင် မဟာမြတ်မုနိ ဘုရားကြီး၊ ဘူတာကြီး၊ ပြည်သူဆေးရုံ၊ ဈေးချို၊ ဂေါဝန်ဆိပ် စသည့် နေရာ အနီးဝန်းကျင်တွင် မီနီ အိုးဝေ အသေးစား အငှားယာဉ်များအား ထားရှိပေးထားပြီး မန္တလေးမြို့တွင်သာမက စစ်ကိုင်း၊ မင်းကွန်း၊ အင်းဝ စသည့်ဖြင့် မြို့ပြင်ခရီးစဉ်များအား ငှားရမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

'' မန္တလေးမြို့က ဆိုင်ကယ် Taxi မောင်းနေတဲ့ ယာဉ်မောင်းတွေကို ဆိုင်ကယ် Taxi သမား ဘဝကနေ သုံးဘီး ယာဉ်မောင်းဆိုတဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးဖို့  မြှင့်တင်ပေးဖို့ အစီအစဉ်တွေ ရှိပါတယ်၊ ငှားရမ်း မောင်းနှင်ရာကနေ မီနီအိုးဝေ(Mini Oway ) အသေးစား အငှားယာဉ်ကို ပိုင်ဆိုင်နိုင်စေမယ့် အစီအစဉ် များလည်း ရှိပါတယ်။ ငှားရမ်းမောင်းနှင်ချင်သူတွေအနေနဲ့ မန္တလေးရုံးချုပ်ကို လာရောက် ဆက်သွယ်နိုင်ပါတယ် '' ဟု Senior Director & Head of Oway Ride ဦးကျော်မင်းဆွေက ပြောသည်။

ထို့ကြောင့် Mini Oway အသေးစား အငှားယာဉ်အား မောင်းနှင်လိုပါက မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ရဲစခန်း ထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ၊ ထောက်ခံသူ နှစ်ဦး ( အိမ်ထောင်စု စာရင်းထဲမှာ တစ်ဦး၊ အသိမိတ်ဆွေထဲမှ တစ်ဦး) စသည့်တို့ဖြင့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၇၅)လမ်း နှင့် (၃၁)လမ်း ထောင့်ရှိ Oway Ride မန္တလေးရုံးချုပ်တွင် ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly