စတုတ္ထအကြိမ်မြောက် ဧရာဝတီစာပေပွဲတော် မန္တလေးတွင် ကျင်းပမည်

စတုတ္ထအကြိမ်မြောက် ဧရာဝတီစာပေပွဲတော် မန္တလေးတွင် ကျင်းပမည်

ရန်ကုန် အောက်တိုဘာ ၂၇ ။            ။ စတုတ္ထအကြိမ်မြောက် ဧရာဝတီစာပေပွဲတော် (ILF) ကျင်းပရေးကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့၊ Stand Square တွင် ယနေ့၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဧရာဝတီစာပေပွဲတော်ဖြစ်မြောက် ရေးကော်မတီအဖွဲ့က သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

မြန်မာ့စာပေလောကအား ပိုမိုကျွမ်းဝင်မှုရှိစေရန်နှင့် စာပေမွေ့လျော်မှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ် ချက်ဖြင့်ကျင်းပမည့် အဆိုပါ ဧရာဝတီစာပေပွဲတော် (ILF) ကို နိုဝင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့ အထိ မန္တလေးမြို့၊ Mandalay Hill Resort တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။

" နိုင်ငံတကာစာရေးဆရာတွေနဲ့ချိတ်ဆက်မိရင် ပြည်တွင်းစာရေးဆရာတွေအနေနဲ့ စာပေဆိုင်ရာ စွမ်းရည်တွေ မြင့်မားလာနိုင်တာပေါ့၊ ဒီနှစ်ကတော့ စာပေးရေးရာဆွေးနွေးမယ့် စာရေးဆရာအရေ အတွက်ကလည်း ပိုတိုးလာတယ်" ဟု စာပေပွဲ တော်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် စာရေး ဆရာ ဒေါက်တာခင်မောင်ညိုက ပြောသည်။

အဆိုပါပွဲတော်တွင် မြန်မာစာရေးဆရာ အယောက် ၁၀၀ ကျော်နှင့် နိုင်ငံတကာစာရေးဆရာ အယောက် ၃၀ ကျော် တက်ရောက်မည်ဖြစ်ပြီး၊ စာရေးဆရာများ၏ အဖွဲ့လိုက်ဆွေးနွေးပွဲများ၊ တစ်ဦးချင်းဟောပြေပွဲ များနှင့် အလုပ်ရုံဆွေးနွေး ပွဲများပါဝင်မည်ဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတစ်လှည့် ရန်ကုန်တစ်လှည့်လုပ်စေချင်တယ်၊ နောက်ပိုင်း မှာလည်း ရန်ကုန်မှာ လုပ်ဖို့အစီအစဉ်ရှိတယ်၊ ဒီလို စာပေပွဲတော်တွေက နိုင်ငံတကာမှာ ဝင်ကြေး ပိုက်ဆံပေးပြီး လေ့လာရတယ်၊ ကျွန်တော်တို့က အခု စာပေချစ်မြတ်နိုးသူတွေကို အခမဲ့လေ့လာ ခွင့်ပေးမှာ ဖြစ်ပါတယ်" - ဟု စာပေပွဲတော်ဖြစ် မြောက်ရေးကော်မတီအဖွဲ့ဝင် စာရေးဆရာ နေအုပ် က ပြောသည်။

ယင်းစာပေပွဲတော်ဖြစ်မြောက်ရေး ပံ့ပိုးကူညီသည့် ကမ္ဘောဇဘဏ်၏ Deputy CEO ဒေါ်နန်းလိုင်ခမ်း ကလည်း " စာပေချစ်ပရိသတ်တွေကလည်း ပြည်တွင်းနဲ့ကမ္ဘာတစ်ဝှမ်းက အံ့သြဖွယ်အကြောင်း အရာတွေနဲ့ ပြည့်နှက်နေ တဲ့ အခုလို ထူးခြားတဲ့ပွဲတော်ကြီးကို မြန်မာ့ယဉ်ကျေးမှု အနုပညာတွေ ပေါင်းစည်းရာနေရာဖြစ်တဲ့ မန္တလေးမြို့မှာ လာရောက်ပါဝင် ဆင်နွှဲကြမယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောသည်။

ယင်းဧရာဝတီစာပေပွဲတော်ကို စင်္ကာပူ၊ ဂျာမန်၊ အင်္ဂလန်အပါအဝင် နိုင်ငံတကာမှ ဝါရင့်စာရေး ဆရာကြီးများ တက်ရောက်မည်ဖြစ်ကာ မြန်မာ့သမိုင်းနှင့်စပ်လျဉ်းသည့် အနုပညာရပ်များဖြင့် တင်ဆက်ထားသော မှတ်တမ်းတင်ရုပ်ရှင် ဇာတ်ကားများလည်း အထူးအစီအစဉ်အနေဖြင့် ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly