မြန်မာ K Pop Dancer

မြန်မာ K Pop Dancer

Yope ပရိသတ်များ အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် Yope ရဲ့ မေးခွန်းတွေကို ဖြေပေးမယ့် သူကတော့ နှုတ်ခမ်းနီ ကောင်မလေးတွေ ၊ အသည်းစွဲ Poject K  အဖွဲ့ထဲက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့၊ ညီလေး "ချမ်းမြေ့ဦး" ပဲ ဖြစ်ပါတယ်။

မေး - ချမ်းမြေ့ဦး မင်္ဂလာပါ။ ကျွန်တော်တို့ Yope အစီအစဉ်ကနေပြီးတော့ ကြိုဆိုလိုက်ပါတယ်။ ပထမဆုံး မေးခွန်းက Korea K Pop  တွေနဲ့ တူလို့ ချမ်းမြေ့ဦးဆိုပြီးတော့ လူသိများ အောင်မြင်နေတာလား။

ဖြေ - အဲဒါတော့ ကျွန်တော်လည်း သေချာတော့ မပြောတတ်ဘူး။ အခုကလည်း K Pop က ခေတ်စားလာ တယ်လေ။ ဟိုအရင်ကတည်းက ကျွန်တော်က တရုတ်လူမျိုး နည်းနည်းစပ်တော့၊ အသားဖြူတာလည်း ပါတယ်။ ပြီးတော့ ကျွန်တော်ဝတ်တာ စားတာက ကိုရီးယား ပုံစံလေးလည်း ဖြစ်တယ်။ အမှန်တိုင်းဆို ကျွန်တော်ကလည်း K Pop တစ်ယောက်ပါပဲ။ ကိုရီးယား အိုက်ဒေါတွေ ဘယ်လိုဝတ်တယ်။ ဘယ်လိုပြုမှု နေထိုင်ကြတယ်ပေါ့နော်။ အဲဒါလေးလည်း ကျွန်တော်က အမြဲတမ်းလေ့လာဖြစ်တယ်။ အဲဒါကြောင့်လည်း ကျွန်တော်ထင်တာတော့ ကြည့်ပါများ မြင်ပါများတော့ ၊ အဲဒီက ပုံစံမျိုး ကူးစက်ပြီးတော့ K Pop ပုံစံမျိုး ဖြစ်နေတယ် ထင်တာပဲ။ ဒါပေမယ့် ကျွန်တော်ကို K Pop ပုံစံမျိုးနဲ့ တူလို့ အားပေးတာလား၊ ဘာကြောင့်ဆိုတာ တော့ ကျွန်တော်လည်း ဂဃနဏ မသိဘူး။ ဒါကြတော့ ကျွန်တော်ဖြေတာထက်စာရင် ပရိသတ်တွေ ကိုယ့်ကို ကိုယ် ပြန်မေးကြည့်ရင် အဆင်ပြေမယ်ထင်တယ်။

မေး - ဘဝမှာ အချစ်ကို ပထမဆုံး စသိခဲ့တဲ့အရွယ် ၊ အဲဒီအချိန်က အချစ်ကို ဘယ်လို အဓိပ္ပာယ် နားလည်ခဲ့လဲ။

ဖြေ - ကျွန်တော် ငယ်ငယ်လေးကတည်းက စိတ်ဝင်စားတဲ့ ကောင်မလေး ရှိတယ်။ ကျွန်တော် လေးတန်း အရွယ်တုန်းက ကျွန်တော် သူငယ်ချင်းပါပဲ။ နာမည်တော့ မပြောတော့ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူငယ်ချင်းတွေလည်း ကြည့်ချင် ကြည့်နေမှာ။ အဲဒီထဲက စိတ်ဝင်စားတာ ရှိတယ်။ ကျွန်တော့်အိမ်က မိဘတွေကအစ သိတယ်။ ကျွန်တော် အဲဒီကောင်မလေးကို အရမ်းသဘောကျတာ။ ကျောင်းဆိုရင် သူ့အတွက် မုန့်လေးတွေ ယူယူသွားတယ်။ သူ့နဲ့ ဆော့နေရရင် သဘောတွေကျပြီး ပျော်နေတာ။ ဒါပေမယ့် အဲဒီအချိန်တုန်း က ၊ အချစ်ဆိုတာ ဘာရယ်တော့ ဂဃနဏ မသိဘူး။ ဒါပေမယ့်လည်း သူ့ကို သဘောကျတာပေါ့နော်။ သူ ကျွန်တော့်ကို စိတ်ဆိုးမှာ အရမ်းကြောက်တယ်။ သူကလည်း အရမ်းအနိုင်ကျင့်တယ်။

မေး - Poject K အဖွဲ့မှာ စူပါပါဝါ အရှိဆုံးက ဘယ်သူ ဖြစ်မလဲ။ သူ့မှာ ဘယ်လို ပါဝါမျိုးတွေ ရှိမလဲ။

ဖြေ - ကျွန်တော့်တို့ အဖွဲ့ထဲက ပိစီ ပေါ့။ အငယ်ဆုံးလေး။ သူ့ရဲ့ စူပါပါဝါကို ကျွန်တော် အရမ်းအားကျတယ်။ ဘာလဲဆိုတော့ သူဘယ်လောက်စားစား မဝ လာဘူး။ သူ ခဏခဏ စားတယ်။ တစ်ရက် တစ်ရက် လေးငါးခြောက်ခါလောက် စားတယ်။ သူက အရမ်းဝချင်တယ်။ ဒါကြောင့် အရမ်းစားတယ်။ ဒါပေမယ့် သူ လုံးဝ မဝလာဘူး။ ဒါပေမယ့် ကျွန်တော်က အစား အရမ်းမက်တယ်။ ကျွန်တော်တို့ မျိုးရိုးပေါ့နော် အဖေ၊ အမေ၊ အစ်ကိုတို့ကလည်း ဝတယ်ပေါ့နော်။ ဒါကြောင့် နည်းနည်းလေး စားလိုက်တာနဲ့ ဝတယ်။ ကျွန်တော်က ဝတာကို မကြိုက်ဘူး။ ကျွန်တော်က ပိန်ပိန်ကျစ်ကျစ်လေး ကြိုက်တာပေါ့နော်။ အဲဒီလိုဆိုတော့ ကျွန်တော်က အစားက လည်း မက်သေးတယ်။ ပိန်ကလည်း ပိန်ချင်သေးတယ်ဆိုတော့ ၊ သူ့ကို တစ်ခါ တစ်ခါကြည့်ပြီး အရမ်းအားကျ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့လိုမျိုး အရမ်းစားချင်တာ။ သူ့လို မဝပဲ အဆီမတက်တာကို အရမ်းသဘောကျ တာ။ ကျွန်တော့်အတွက်တော့ သူက စူပါပါဝါပဲ။

မေး - အဆိုတော်တွေ စင်ပေါ်မှာ ဖျော်ဖြေမှု ပိုကောင်းအောင် ပံ့ပိုးပေးရတဲ့ အကသမားတွေ အဆိုတော်တွေ ထက်၊ ပိုအောင်မြင်ဖို့ ဖောက်ထွက်နိုင်တဲ့ လမ်းကြောင်းတစ်ခုကို ပြောပြပါဆိုရင် ဘာဖြစ်မလဲ။  

ဖြေ - အဓိက ကိုယ်သွားနေတဲ့ လမ်းကြောင်းက မှန်ကန်နေရမယ်ပေါ့။ ပြီးတော့ ဇွဲ၊ လုံ့လ လည်း မလျော့သင့် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ Dancer တွေ တော်တော်များများပါပဲ။ ဟိုအရင်ကလည်းက Dancer တွေ မြန်မာနိုင်ငံ အနေထားနဲ့ဆိုရင် နှိမ်ချင်ကြတယ်။ ပြီးတော့ မိဘတွေက အစ ဒီ Dancer တွေရဲ့ ဘဝကို မကြိုက်ကြဘူး။ အားမပေးကြဘူး။ လက်မခံကြဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကိုယ့်ယုံကြည်မှုကိုတော့ အလွတ်မခံပါနဲ့လို့။ ဘာဖြစ်လို့လဲဆိုတော့ ၊ ကျွန်တော်လည်း က လာတာ( ၇ )နှစ်ရှိပြီ။ အခုမှပဲ စပြီးတော့ အောင်မြင်ကာစလို့ပဲ ပြောလို့ ရပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် လုံးဝ လက်မလျော့ခဲ့ဘူး။ ကျွန်တော့ မိဘတွေ ပထမဆိုရင် လုံးဝ သဘောမတူဘူး။ သဘောမတူတဲ့ ကြားထဲကနေ ကျွန်တော် မရရအောင် ကြိုးစား တယ်။ အဓိက မိဘတွေက စိတ်ပူတာက ဒီ Dancer တွေဆိုတာ ဝေလေဝါးလားပေါ့နော်။ ပျက်စီးကြတာ များတယ်ပေါ့။ မိဘတွေ အမြင်ကို တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ရိုက်ချိုးနိုင်ခဲ့တယ်။ ကျွန်တော် အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်ခဲ့တယ်ပေါ့နော်။ အဓိက ကတော့ ကိုယ့်ကိုကိုယ် ယုံကြည်ဖို့ပဲ။ ပြီးတော့ အလုပ်ကို လေးစားရမယ်။ ကြိုးစားရမယ်ပေါ့။

မေး - မြန်မာနိုင်ငံက K Pop ကို မကြိုက်တဲ့ ပရိသတ်တွေကို ကြိုက်လာအောင် စည်းရုံးပေးပါလို့ တာဝန်ပေး လာရင် ဘယ်လိုနည်းမျိုးကို သုံးမလဲ။

ဖြေ - ကျွန်တော်အထင် ပြောရတော့ ခက်တယ်ဗျ။ ဥပမာဆိုရင် ဒူးရင်းသီး မကြိုက်တဲ့ သူလိုပေါ့။ ဒူးရင်းသီးကို မကြိုက်တဲ့ သူတစ်ယောက်ကို၊ အတင်းကြီး သွားကျွေးလည်း သူကြိုက်ချင်မှ ကြိုက်လာမှာ။ ဒါကတော့ လူ အမျိုးမျိုး စိတ်အထွေထွေပေါ့။ ကျွန်တော်အနေနဲ့ကတော့ တွန်းအားပေးတာထက် K pop ကြိုက်လာအောင်ပေါ့ နော်၊ တွန်းအားပေးတာထက် ကိုယ် ကိုယ်တိုင် လက်ခံလာတဲ့ အရာတွေကို တန်ဖိုးလည်း ထားတယ် ၊ ပိုပြီး တော့လည်း သဘောကျတယ် ခင်ဗျ။ ကျွန်တော်ဆိုရင်လည်း ဘယ်သူ ဘယ်ဝါကို K Pop ကို ကြိုက်ပါလို့ မပြောဘူး။ အဓိက ကိုယ်ကြိုက်တာကို ဘယ်သူကိုမှ မထိခိုက်ဘူးဗျာ။ အဲဒီလိုမျိုး ကြိုက်နေဖို့လည်း လိုတယ်။ ပြီးတော့ ရှိပါတယ် ၊ မြန်မာနိုင်ငံမှာ အခုဆိုရင် K Pop က အရမ်းလည်း ခေတ်စားလာတယ်။ ပြီးတော့ တစ်ချို့ အရင်က မကြိုက်ခဲ့တဲ့ သူတွေလည်း ကြိုက်လာတာ ရှိတယ်။ ဒါပေမယ့် တစ်ချို့တွေကလည်း အခုထိတိုင် မကြိုက်သေးဘူးပေါ့နော်။ ဒါပေမယ့် ဘာပဲ ဖြစ်နေပါစေ ၊ ဘယ်သူကိုမှ မထိခိုက်ဘဲနဲ့ ကိုယ် ကြိုက်နှစ်သက်ရာ လွတ်လပ်စွာ အားပေးနိုင်ပါတယ်လို့။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly