HIV ရှိသူ အမျိုးသားတစ်ဦးက အမျိုးသမီး ၃၀ ဦးကို ရည်ရွယ်ချက်ရှိရှိ ရောဂါပိုးထပ်မံကူးစက်စေခဲ့သည့် အမှု အီတလီတွင် ကြားနာစစ်ဆေး

HIV ရှိသူ အမျိုးသားတစ်ဦးက အမျိုးသမီး ၃၀ ဦးကို ရည်ရွယ်ချက်ရှိရှိ ရောဂါပိုးထပ်မံကူးစက်စေခဲ့သည့် အမှု အီတလီတွင် ကြားနာစစ်ဆေး

 

အောက်တိုဘာ ၂၇ ။                      ။ အီတလီနိုင်ငံတွင် HIV ရောဂါပိုးရှိသူ အမျိုးသားတစ်ဦးက အခြားအမျိုးသမီး အယောက် ၃၀ ကို ရည်ရွယ်ချက်ရှိရှိ ရောဂါပိုးကူးစက်စေခဲ့သည် ဆိုသည့်အမှုကို အောက်တိုဘာ ၂၇ ရက်တွင် ဆုံးဖြတ်ချက်ချတော့မည်ဖြစ်ကြောင်း သိရသည်။

ယင်းအမှုတွင် အဆိုပါအီတလီအမျိုးသားသည် ဆယ်နှစ်တာနီးပါးကာလအတွင်း ၎င်း၏သားကောင်အမျိုးသမီးများကို ရောဂါပိုးကူးစက်သွားစေရန် တမင်ရည်ရွယ်ကာ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုများကို ကျူးလွန်ထားခဲ့သည်ဆိုပြီး စွပ်စွဲခံထားရလျက်ရှိသည်။

HIV positive ဖြစ်နေသည့် အသက် ၃၃ နှစ်အရွယ် စာရင်းကိုင်အမျိုးသား ဗယ်လန်တီယို တယ်လူတို ဆိုသူ အမျိုးသားသည် လူမှုကွန်ရက်ပေါ်ကနေ အမျိုးသမီးငယ်များကို   သွေးဆောင်ဖြားယောင်းကာ ပြင်ပသို့ခေါ်ယူချိန်းတွေ့ခြင်းမှတဆင့် ယခုကဲ့သို့ ရောဂါပိုးကို တမင်ကူးစက်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအမျိုးသားမှာ အစောပိုင်းနှစ်များက လိင်မှုရေးရာ ကျူးလွန်မှုများ ရှိထားခဲ့ပြီးနောက် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်အရောက်တွင် ၎င်းထံ၌ HIV ပိုးရှိနေကြောင်း စတင်သိရှိခဲ့ရသည်ဟု ဆိုသည်။ ယင်းနောက် ၂၀၀၆ ခုနှစ် နှင့် ၎င်း အဖမ်းခံခဲ့ရသည့် ၂၀၁၅ ခုနှစ်ကြားကာလတွင် ၎င်း၏ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှုကြောင့် အမျိုးသမီး အယောက် ၃၀ တို့သည်လည်း ၎င်းထံမှ ရောဂါပိုးကူးစက်ခဲ့ရသည်ဟု သိရသည်။

ယင်းအပြင် အဆိုပါ အမျိုးသမီးများအနက် သုံးဦး၏ အမျိုးသားအဖော်များအပါအဝင် ကလေးငယ်တစ်ဦးကိုပါ ရောဂါပိုး တဆင့်ထပ်ကူးစေခဲ့ကြောင်းလည်း စုံစမ်းစစ်ဆေးသူများက ပြောသည်။

ဗယ်လန်တီယို၏ ယခု အမှုကိစ္စကို မတ်လက ရောမမြို့ရှိ ရက်ဘစ်ဘီယာ အကျဉ်းထောင်မှာ စတင်စစ်ဆေးကြားနာခဲ့သည်။ အမျိုးသမီးများ၏ ပြောဆိုချက်အရ ဗယ်လန်တီယိုက ၎င်းတို့အား ညစာ စားရန် ဖိတ်ပြီး လိင်ဆက်ဆံရန် သွေးဆောင်ကာ ယင်းနောက် အကာအကွယ်မဲ့ ဆက်ဆံခဲ့ကြောင်း သိရသည်။

အမျိုးသမီးများက ဗယ်လန်တီယိုအား အကာအကွယ်ကွန်ဒုံး အသုံးပြုရန် ပြောခဲ့သော်လည်း ဗယ်လန်တီယိုက ၎င်းမှာ HIV စစ်ဆေးပြီးသား ဖြစ်၍ မလိုအပ်ကြောင်း ပြန်ပြောခဲ့သည်ဟု သိရသည်။ နောက်ပိုင်း ၎င်းအမျိုးသမီးများမှာလည်း ၎င်းတ့ိုထံတွင် ရောဂါပိုးကူးစက်ဖြစ်ပွားနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် ယခုအမှုကိစ္စပေါ်ပေါက်လာရခြင်းဖြစ်သည်။

ဗယ်လန်တီယိုကြောင့် HIV ကူးစက်သွားခဲ့သူ အမျိုးသမီးအများစုမှာ ကျောင်းသူများဖြစ်ပြီး ကလေးမိခင်တစ်ချို့လည်း ပါဝင်သည်ဟု ဆိုသည်။ ယင်းအမျိုးသမီးများအနက် အသက်အငယ်ဆုံးမှာ ၁၄ နှစ်ဖြစ်ပြီး အကြီးဆုံးမှာ ၄၀ ဖြစ်ကြောင်း သိရသည်။

ယခုကိစ္စတွင် အမျိုးသမီးများကို တမင်ထိခိုက်နစ်နာအောင် ကျူးလွန်လုပ်ဆောင်ခဲ့သည့် ဗယ်လန်တီယိုကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံစေရန် တရားလိုရှေ့နေများက ကြိုးပမ်းနေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly