ကင်ညာရဲတပ်ဖွဲ့၏ဖြိုခွင်းမှုကြောင့် ရွေးကောက်ပွဲနေ့၌ဆန္ဒပြသူများထဲမှ ၆ဦးသေဆုံး

ကင်ညာရဲတပ်ဖွဲ့၏ဖြိုခွင်းမှုကြောင့် ရွေးကောက်ပွဲနေ့၌ဆန္ဒပြသူများထဲမှ ၆ဦးသေဆုံး

 

နိုင်ရိုဘီ၊ အောက်တိုဘာ ၂၇ ။         ။ ကင်ညာနိုင်ငံ၌ အတိုက်အခံများက သပိတ်မှောက်ထားသော သမ္မတရွေးကောက်ပွဲကို ကြာသာပတေးနေ့၌ ပြန်လည်ကျင်းပသည့်အခါတွင် ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ အချင်းများကြရာမှ  ရဲတပ်ဖွဲ့၏ဖြိုခွင်းမှုကြောင့် လူ ၆ ဦးခန့် သေဆုံးခဲ့ရသည်။

အတိုက်အခံအဖွဲ့၏ခေါင်းဆောင်ဖြစ်သူ ရိုင်လာအိုဒင်ဂါက သူ့ကိုထောက်ခံသူများအား ရွေးကောက်ပွဲနေ့၌ နေအိမ်အတွင်း၌သာ နေထိုင်ကြရန်မှာကြားထားသေ်ာလည်း ထောက်ခံသူအချို့သည် မဲပုံးများ မဲရုံများသို့ မရောက်ရှိအောင် တားဆီးပိတ်ဆို့ရန် ကြိုးပမ်းခဲ့ရာမှ ယခုလိုအချင်းများခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြပွဲများကြောင့် လွတ်လပ်သောရွေးကောက်ပွဲကော်မရှင်အဖွဲ့ (IBEC) သည် အတိုက်အခံများ၏ အမာခံ နယ်မြေများအပါအဝင် နေရာဒေသအချို့၌ မဲပေးမှုကို ခေတ္တဆိုင်းငံ့ထားခဲ့သည်။

နိုင်ငံအနောက်ပိုင်းနယ်မြေမှ ဆန္ဒပြသူများသည် လမ်းမများပေါ်၌ အတားအဆီးများကိုချထားခဲ့ပြီး မဲရုံများဖွင့်၍ မရနိုင်အောင်လည်း တားဆီးခဲ့ကြသည်။ ထို့ကြောင့် ကင်ညာနိုင်ငံအတွင်းရှိ မဲရုံပေါင်း ၄၀၈၈၃ ရုံခန့်မှ ၅၃၁၉ ရုံ ကို မဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

အာဏာပိုင်များသည် IBEC အဖွဲ့မှအရာရှိများကို ဒုက္ခမပေးရန်မေတ္တာရပ်ခံခဲ့သော်လည်း အချို့နယ်မြေများရှိ မဲရုံများမှ မဲလုပ်သားများမှာ ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

နိုင်ရိုဘီမြို့နှင့် ကင်ညာနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန်ဘာဆာမြို့တို့၌ အကြမ်းဖက်မှုများ ပေါ်ပေါက် ခဲ့ကြောင်း စောင့်ကြည့်လေ့လာသူများက ပြောခဲ့သည်။ ထိုအချင်းအရာများကို တုံ့ပြန်သည့်အနေဖြင့် ရဲတပ်ဖွဲ့ သည် လူအုပ်ကြီးကို ကျည်အစစ်ဖြင့်ဖြိုခွင်းခဲ့ပြီး လူပေါင်း ၆ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်ပေါင်းများစွာခန့် ဒဏ်ရာရရှိခဲ့သည်။

သို့သော်လည်း ကင်ညာနိုင်ငံ၏ နယ်မြေအများစုမှာ ငြိမ်းငြိမ်းချမ်းချမ်းရှိနေကြောင်းနှင့် ဆန္ဒပြပွဲများမှာ လူငယ်တစ်စု၏ လက်ချက်ကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

အတိုက်အခံများ၏ မဟာမိတ်ဖြစ်သော NASA အဖွဲ့က လူသူကင်းရှင်းနေသော မဲရုံများကိုဓာတ်ပုံရိုက်ကူးကာ လူမှုမီဒီယာများပေါ်သို့တင်ခဲ့သော်လည်း ကင်ညာပြည်ထဲရေးဌာနမှ အတွင်းရေးမှူးဖြစ်သူ ဖရက်ဒ်မာတီယန်က နိုင်ငံအတွင်းရှိမဲရုံပေါင်း ၉၀ ရာခိုင်နှုန်းခန့်ကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly