TNLA တပ်သားနှစ်ဦးက ကျောင်းအုပ်ဆရာမတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု စစ်ဥပဒေနှင့် အရေးယူမည်

TNLA တပ်သားနှစ်ဦးက ကျောင်းအုပ်ဆရာမတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု စစ်ဥပဒေနှင့် အရေးယူမည်

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမတစ်ဦးကို TNLA မှ တပ်ဖွဲ့ဝင်နှစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း TNLA တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဟုတ်မှန်ကြောင်း ပြောဆိုခဲ့သည်။

"ဟုတ်ပါတယ်။ အဲ့ကိစ္စဖြစ်ပွားခဲ့တာ မှန်ပါတယ်။ ဖြစ်တဲ့နေ့မှာပဲ ကျူးလွန်တဲ့သူတွေကို ခေါ်ပြီးတော့ သူတို့ရဲ့အထက်အရာရှိနဲ့အတူ ကျောင်းဆရာမကို သွားတောင်းပန်ခိုင်းတယ်။ အဲ့အမှုကိုလည်း ကျွန်တော်တို့ စစ်ဥပဒေအရ အရေးယူသွားဖို့ လုပ်နေတယ်။ လောလောဆယ်တော့ အချုပ်ထဲမှာ ထည့်ထားတယ်" ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က မဇ္ဈိမသို့ ယနေ့မနက်အစောပိုင်းတွင် ပြောသည်။

ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာတွင် အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ကိုင်ဖုန်း ၂ လုံးပါ ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ကျောက်မဲမြို့နယ်ပညာရေးမှူး ရုံးမှ အမည်မဖော်လိုသူ ပညာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

အဆိုပါပညာရေးဝန်ထမ်း၏ ပြောဆိုချက်အရ ကျူးလွန်ခံရသည့် ကျောင်းအုပ်ဆရာမကြီးအပါအဝင် မန်ခေါက်ကျေးရွာမှ ဆရာမများအားလုံးကို လုံခြုံရေးအခြေအနေအရ ကျောက်မဲမြို့ပေါ်သို့ ခေါ်ဆောင်ထားကြောင်းသိရသည်။

ယခုလို ကျောင်းဆရာမများအပေါ်ကျူးလွန်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်ထပ်ဆက်လက်မဖြစ်ပွားအောင် အောက်ခြေအဆင့်အထိ စည်းကမ်းတကျဆောင်ရွက်သွားရန် လမ်းညွှန်ထားသည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုသည်။

"ရှေ့လျှောက် ဒီလိုမဖြစ်အောင် ကျွန်တော်တို့ ထိန်းသိမ်းသွားပါမယ်" ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်မဲမြို့နယ် ပညာရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်ကြားစာတစ်စောင် ပေးပို့ထားပြီး ယင်းစာထဲတွင် ဆရာမများ လုံခြုံရေးအတွက် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူးများအား စေလွှတ်ပြီး လိုအပ်သလို စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး ၊မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ရေးသားထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် တအောဝ်းအဖွဲ့ TNLA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်မထိုးထားသည့် အဖွဲ့လည်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှလည်း ယမန်နေ့ညက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags