အိမ်ရှင်ကမ္ဘောဒီးယားကို ရှုံးနိမ့်ခဲ့သဖြင့် မြန်မာယူ ၁၉ အသင်း ခြေစစ်ပွဲအောင်ရေး ရုန်းကန်ရတော့မည်

အိမ်ရှင်ကမ္ဘောဒီးယားကို ရှုံးနိမ့်ခဲ့သဖြင့် မြန်မာယူ ၁၉ အသင်း ခြေစစ်ပွဲအောင်ရေး ရုန်းကန်ရတော့မည်
ဓာတ်ပုံ-MFF

အောက်တိုဘာ ၂၆၊ ရန်ကုန်။    ။ မြန်မာယူ ၁၉ အသင်းသည် အာရှခြေစစ်ပွဲ ဒုတိယမြောက်ပွဲစဉ်တွင် အိမ်ရှင် ကမ္ဘောဒီးယားအသင်းကို ဒုတိယပိုင်းပေးဂိုးများဖြင့် ရှုံးနိမ့်ခဲ့သဖြင့် ခြေစစ်ပွဲအောင်ရေး ရုန်းကန်ရတော့မည်ဖြစ်သည်။

ပွဲချိန်ပထမပိုင်းတွင်ကမ္ဘောဒီးယားအသင်းက ပေးကစားထားသဖြင့် မြန်မာအသင်းဖိကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်များရရှိခဲ့သည်။ မြန်မာအသင်းအတွက်ဦးဆောင်ဂိုးနှစ်ဂိုးကို ဟိန်းထက်အောင်နှင့် လွင်မိုးအောင်တို့က ပွဲချိန်ပထမပိုင်းတွင် သွင်းယူခဲ့သည်။

ပွဲချိန်ဒုတိယပိုင်းတွင်မူ မြန်မာအသင်းမှာ ကစားအားကျသွားပြီး အမှားယွင်းများလာသဖြင့် ကမ္ဘောဒီးယားအသင်း၏ ဖိအားပေး တိုက်စစ်ဆင်ခြင်းကိုခံခဲ့ရသည်။

ဂိုးသွင်းခွင့်များရလာသည့် ကမ္ဘောဒီးယားအသင်းမှာ ဒုတိယပိုင်းစပြီးမကြာမီ ပထမချေပဂိုးရခဲ့ပြီး မိနစ် ၉၀ ပြည့်ခါနီးနှင့် ထပ်ဆောင်းအချိန်ပိုတွင်လည်း နှစ်ဂိုးဆက်တိုက်သွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အုပ်စု G တွင် နှစ်ပွဲကစားပြီးချိန်၌ တရုတ်အသင်းက နှစ်ပွဲစလုံးအနိုင်ရပြီး အမှတ်ပေးဇယားကို ဦးဆောင်နေသည်။ မြန်မာအသင်းမှာ အုပ်စုနောက်ဆုံးပွဲတွင် တရုတ်နှင့်ကစားရမည်ဖြစ်ရာ   ခြေစစ်ပွဲအောင်ရေးအတွက် ရုန်းကန်ရတော့မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly