အင်ဒိုနီးရှားမှာ မီးရှုးမီးပန်းစက်ရုံ မီးလောင်ပြီး ၄၆ ဦးသေဆုံး၊ ဒါဇင်နဲ့ချီ ဒဏ်ရာရ

အင်ဒိုနီးရှားမှာ မီးရှုးမီးပန်းစက်ရုံ မီးလောင်ပြီး ၄၆ ဦးသေဆုံး၊ ဒါဇင်နဲ့ချီ ဒဏ်ရာရ

 

အောက်တိုဘာ ၂၆ ။                 ။  အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာအပြင်ဘက်မှာ ရှိတဲ့ မီးရှုးမီးပန်းထုတ်လုပ်သည့် စက်ရုံတစ်ရုံမှာ အောက်တိုဘာ ၂၆ ရက်က မီးလောင်မှု ဖြစ်ပွားရာ လူပေါင်း ၄၆ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ဒါဇင်နဲ့ချီပြီး ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ယင်း ဖြစ်စဉ်မှာတော့ မီးလောင်မှုနဲ့အတူ ပေါက်ကွဲမှုတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဂျာကာတာမြို့အနီး တန်ဂါရန်းမြို့က စက်မှုဇုံတစ်ခုမှာ ယင်း စက်ရုံမီးလောင်မှု ဖြစ်ခဲ့တာဖြစ်ပါတယ်။

" ဒီစက်ရုံမှာက စုစုပေါင်း အလုပ်သမား ၁၀၃ ဦး ရှိတယ်လို့ သိရတယ်၊ ဒီလို မီးလောင်ပေါက်ကွဲမှုဖြစ်တော့ ဒါဇင်နဲ့ချီပြီး ဒဏ်ရာရသွားကြတယ်၊ ဆေးရုံသုံးခုကို ခွဲပို့ပြီး တင်ပေးထားပါတယ်၊ ကျန် ၄၆ ဦးကတော့ သေဆုံးခဲ့ပါပြီ" ဆိုပြီး ဂျာကာတာရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နီကို အေဖင်တာက ပြောပါတယ်။

ယင်းအပြင် သေဆုံးသွားတဲ့အလုပ်သမားတွေကတော့ လူပုံပန်းမမှတ်မိလောက်တော့အောင် မီးလောင်ပျက်စီးနေပြီဖြစ်ကြောင်း မီးသတ်သမားတွေက ပြောပါတယ်။

ယခုလို မီးလောင်မှုကြောင့် စက်ရုံအဆောက်အအုံ အစိတ်အပိုင်းတစ်ချို့ဟာလည်း ပြိုကျပျက်စီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ မီးလောင်ခဲ့တဲ့ စက်ရုံကတော့ ဖွင့်လှစ်လုပ်ကိုင်နေတာ သီတင်းပတ်ခြောက်ပတ်လောက်သာ ရှိသေးကြောင်းလည်း သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly