မြန်မာ့ယဉ်ကျေးမှုနှင့်မညီသည့် ဘာသာပေါင်းစုံဆုတောင်းပွဲများ တားမြစ်ရေးအဆို တင်သွင်းခွင့်မရ

မြန်မာ့ယဉ်ကျေးမှုနှင့်မညီသည့် ဘာသာပေါင်းစုံဆုတောင်းပွဲများ တားမြစ်ရေးအဆို တင်သွင်းခွင့်မရ
လွှတ်တော်မှာ အရေးကြီးအဆို ဦးသောင်းအေး တင်သွင်းခွင့်မရတာ ဒီအဆိုနဲ့ဆိုရင် (၂)ကြိမ် ရှိပြီဖြစ်ပါတယ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၂၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဦးဆောင်ပြီး မြို့နယ်တချို့တွင် ကျင်းပပြုလုပ်နေသော ဘာသာပေါင်းစုံဆုတောင်းပွဲအချို့သည် မြန်မာယဉ်ကျေးမှုဓလေ့နှင့် ဆန့်ကျင်နေသည့်အတွက် တားမြစ်၊ ထိန်းသိမ်းပေးပါရန် ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အရေးကြီးအဆိုတစ်ရပ် တင်သွင်းခဲ့သော်လည်း ဆွေးနွေးခွင့်မရခဲ့ကြောင်း အဆိုရှင်က မီဒီယာများကို ထုတ်ဖော်ပြောကြားလိုက်သည်။

“မနေ့က စဉ့်ကိုင်မှာဖြစ်တာက တော်တော်လေးကို ပွက်လောရိုက်နေတဲ့သဘော ရှိတယ်။ အဲ့ဒါကြောင့်မို့လို့ ဒီဟာက နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းမှုတွေ ပျက်ပြားစေနိုင်တယ်။ နောက် ဘာသာပေါင်းစုံညီညွတ်မှုတွေ အပေါ်မှာလည်း သွားပြီးတော့ Impact ဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ ဒီလို မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ကန်တဲ့ လုပ်ဆောင်ချက်တွေကို ထိန်းသိမ်းပေးဖို့၊ တားမြစ်ပေးဖို့ ဒါလေးကို အရေးကြီးအဆို တင်တာပါ။ ဒီမနက်လွှတ်တော် မစခင်မှာ တင်လိုက်တာပါ။ ဒီအဆိုနဲ့ပတ်သက်လို့တော့ ခွင့်မပြုပါဘူး” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသောင်းအေးက အောက်တိုဘာ ၂၆ရက်၊ လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောသည်။

“နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးတို့အတွက် ယနေ့နိုင်ငံရေးပါတီတစ်ခုမှ ဦးဆောင်လျက် မြို့နယ်အချို့တွင် ပြုလုပ်လျက်ရှိသော ဘာသာပေါင်းစုံ ဆုတောင်းပွဲများမှ မြန်မာ့ယဉ်ကျေးမှု နှင့်ဖီလာဆန့်ကျင်လျက်ရှိသည့် ဆောင်ရွက်မှုများအား အချိနိမီ ထိန်းသိမ်း ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း” အရေးကြီးအဆိုတစ်ရပ်ကို ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)လည်းဖြစ်သူ ဦးသောင်းအေးက အစည်းအဝေးမစတင်မီ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါ အရေးကြီးအဆိုအား လွှတ်တော်တွင် တင်သွင်းခွင့်မပြုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် လွှတ်တော်အစည်းအဝေးအပြီးတွင် အကြောင်းပြန်ကြားခဲ့သည်ဟု ဦးသောင်းအေးက ပြောသည်။

အောက်တိုဘာ ၂၄ရက်ညက စဉ့်ကိုင်မြို့တွင် ပြုလုပ်သည့် ဘာသာပေါင်းစုံဆုတောင်းပွဲတွင် အစ္စလာမ်ဘာသာဝင် ခေါင်းဆောင်များက ထိုင်ခုံဖြင့်ထိုင်နေပြီး ကိုရင်ငယ်လေးများက အောက်တွင် ထိုင်နေသည့် ဓာတ်ပုံမှာ လူမှုကွယန်ယက်တွင် ပံျ့နှံ့သွားပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည့် ဖြစ်ရပ်အပြီး ၁ရက်အကြာတွင် ဦးသောင်းအေးက အဆိုပါ အရေးကြီးအဆို တင်သွင်းရန် ကြိုးပမ်းခဲ့ခြင်းလည်း ဖြစ်သည်။

“ဘာသာ၊ သာသနာနဲ့ ပတ်သက်တာထက် ကိုယ့်တိုင်းပြည်မှာ ဆူပူမှုတွေ၊ လမ်းလွဲမှုတွေဖြစ်သွားမှာ သိပ်စိုးရိမ်တယ်။ နောက်ပြီးတော့ ဘာသာသနာဆိုတာကလည်း တော်တော်ထိခိုက်လွယ်တဲ့ အရာတွေ ဖြစ်တယ်လေ။ ဘာသာပေါင်းစုံက တို့တိုင်းပြည်မှာက ညီညွတ်ပါတယ်။ ဘာသာပေါင်းစုံအဖွဲ့အစည်းဆိုတာလည်း ရှိပြီးသားပါပဲ။ ဒါပေမယ့် ငြိမ်းချမ်းရေးပွဲ သွားလုပ်လိုက်တော့ ဘာသာရေးနဲ့ နိုင်ငံရေး ရောလိုက်သလို ဖြစ်နေတယ်” ဟု ဦးသောင်းအေးက ဝေဖန်သည်။

လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သော စဉ့်ကိုင်မြို့ NLD က ဦးဆောင်ကျင်းပသည့် ဘာသာပေါင်းစုံဆုတောင်းပွဲ ဓာတ်ပုံများမှာ ကိုရင်များကို ထိုင်ခုံဖြင့် စနစ်တကျ နေရာချပေးရန် စီစဉ်နေချိန် ရိုက်ကူးထားခြင်းဖြစ်သည်ဟု ပွဲစီစဉ်သူများက ပြန်လည်ရှင်းလင်းထားသည်။

အဆိုပါ ကိုရင်ငယ်များသည် မြန်မာစကား ကောင်းစွာ နားမလည်သေးသော တိုင်းရင်းသားများဖြစ်ကြပြီး ထိုင်ခုံနေရာစီစဉ်နေစဉ် ခေတ္တစောင့်ခိုင်းသည်ကို နားမလည်ဘဲ အောက်တွင် ထိုင်ခြင်းဖြစ်ပြီး ဆုတောင်းပွဲ ကျင်းပချိန်တွင် စီစဉ်ပေးသော ထိုင်ခုံများပေါ်တွင်ထိုင်ကာ ဆုတောင်းပွဲကို ဆက်လက်ကျင်းပခဲ့သည်ဟု စဉ့်ကိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းလွှတ်တော်အမတ် ဦးလှိုင်ဝင်းက ပြောသည်။

“ဒါပေမယ့် အများအမြင်မှာ ကြည့်လိုက်တဲ့အခါကျတော့ ဘာသာသာသနာကို နှိမ်ချတယ်။ တို့ ဘာသာ၊ သာသနာကို ပျက်ပြားအောင်လုပ်တယ်ဆိုတဲ့ ဒီလိုအသံတွေ ထွက်လာတာပေါ့။ ဒါကို အစိုးရက နားလည်ပြီးတော့ လုပ်ပါ၊ မလုပ်နဲ့လို့ မပြောလိုဘူး။ သို့သော် သူ့ဝိနည်း၊ သူ့ယဉ်ကျေးမှုနဲ့ သွားသင့်တယ်” ဟု ဦးသောင်းအေးက ဆိုသည်။

၎င်း၏ အရေးကြီးအဆိုအား လွှတ်တော်တွင် ဆွေးနွေးခွင့်မရသည့်အပေါ်လည်း ဦးသောင်းအေးက "ဒီမိုကရေစီကျ၏၊ မကျ၏ဆိုတာတော့ ပြောဖို့ နည်းနည်းလေး စောပါတယ်။ အမှန်တကယ်တော့ ဥက္ကဌတို့၊ လွှတ်တော်တို့ကလည်း ပြဌာန်းထားတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေအတိုင်းပဲလုပ်တယ်လို့ပဲ ပြောရမှာပါ။ ပြဌာန်းထားတာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဥပဒေကို တလွဲမသုံးဖို့ပဲ လိုတာပေါ့ကွယ်။ ဥပဒေကို လိုရာဆွဲပြီး မသုံးဖို့ပဲ လိုတယ်။ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့တော့ ကိုယ်တင်တဲ့အဆိုကို ပြောချင်တာပေါ့" ဟု မီဒီယာများကို ပြောသည်။

ဦးသောင်းအေးအနေဖြင့် အရေးကြီးအဆို တင်သွင်းခွင့်မရခြင်းမှာ ယခုအကြိမ်ဆိုလျှင် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လ ၂၅ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်းများ တိုက်ခိုက်ခံရစဉ်က ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်ခဲ့သော်လည်း လွှတ်တော်နာယကက ခွင့်မပြုခဲ့ပေ။

NLD က ဦးဆောင်ပြီး နိုင်ငံအဝှမ်းတွင် ဘာသာပေါင်းစုံဆုတောင်းပွဲများ ပြုလုပ်ရခြင်းမှာ ညီညွှတ်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

“အဓိက ရည်ရွယ်ချက်က မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ ညီညွတ်ရေးပဲ။ ကျွန်တော်တို့က အခုအချိန်မှာ ညီညွတ်ရေးကို ဆောင်ရွက်ရတာက ကျွန်တော်တို့မှာ ခြိမ်းခြောက်တာ၊ ဖိနှိပ်တာ နိုင်ငံတကာမှာ အဲ့ဒါတွေက သိပ်ပွနေတယ်။ ဒါကို ခုခံဖို့ဆိုရင် ကျွန်တော်တို့ ညီညွတ်ရေးပဲ။ ကျွန်တော်တို့အားလုံး ညီညွတ်ရင် ဒါတွေက ခုခံနိုင်တာပေါ့။ ဒါကြောင့် ညီညွတ်ရေးအတွက် လုပ်တာပါ” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

“စဉ့်ကိုင်ကိစ္စက တကယ့် Story အမှန်မဟုတ်ဘူး” ဟုလည်း ဦးဉာဏ်ဝင်းက ဆက်လက်ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly