ဘန်ကောက်မြို့လယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံး

ဘန်ကောက်မြို့လယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံး

ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်မြို့လယ်ရှိ ဝတ်ပြုကိုးကွယ်ရာ နေရာတစ်ခု အနီးတွင် တနင်္လာနေ့က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ဗုံးပေါက်ကွဲမှုကြီးကြောင့် ယနေ့ ည ၉နာရီ ၄၅ မိနစ်အချိန်အထိ သေဆုံးသူ ၁၅ဦး ရှိပြီဖြစ်ကာ လူ ၈၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖော်ပြထားသည်။

ဗုံးပေါက်ကွဲမှှု ဖြစ်ပွါးခဲ့ရာ နေရာသို့ ရောက်ရှိသွားသည့် ဘီဘီစီ သတင်းထောက် Jonathan Head က၊ ထိုနေရာတွင် ရုတ်ရုတ်သဲသဲ ဖြစ်လျက် ရှိကြောင်း နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ပြန့်ကျဲလျက် ရှိကြောင်း ဆိုသည်။ ဘန်ကောက်မြို့လယ် Chidlom ခရိုင် ရှိ Erawan Shrine အနီးတွင် ဗုံးပေါက်ကွဲမှှု ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။

ထိုင်း စံတော်ချိန် ည ၇ နာရီခန့်တွင် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ဘန်ကောက်မြို့လယ်ရှိ Erawan Shrine မှာ လူသိများလှသော နေရာတစ်ခု ဖြစ်ကြောင်းနှင့် ကြယ်ငါးပွင့် ဟိုတယ်တစ်ခု အနီးတွင် ကပ်လျက် တည်ရှိခြင်း ဖြစ်ကြောင်း ဘီဘီစီ သတင်းထောက်က ဆိုသည်။

လမ်းမကြီးပေါ်တွင် မော်တော်ဆိုင်ကယ်များ မီးလောင်ကျွမ်းသွားခဲ့ကြသည်ကို တွေ့ရှိရကြောင်း နှင့် ဒဏ်ရာရသူများအား ဆေးဘက်ဝန်ထမ်းများ နှင့် ရဲများက သယ်ဆောင်သွားကြသည်ကို တွေ့ရကြောင်း သူက ပြောခဲ့သည်။

Erawan Shrine မှာ ဟိန္ဒူနတ်ဘုရား Brahmā အား ဝတ်ပြု ပူဇော်ကြရာ နေရာဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်များလည်း ထောင်နှင့်ချီကာ နေ့စဉ် လာရောက် ဝတ်ပြုလေ့ ရှိကြသည်။

ဗုံးပေါက်ကွဲမှှုမှာ Rajprasong လမ်းဆုံတွင် ဖြစ်ပွါးခဲ့ခြင်း ဖြစ်ကာ၊ ထိုနေရာမှာ လွန်ခဲ့သော နှစ်များအတွင်းက နိုင်ငံရေး ဆန္ဒပြမှှုများ အဓိက အခြေစိုက်ခဲ့သော နေရာလည်း ဖြစ်သည်။ Ref: ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly