မောင်တောတွင် ညမထွက်ရအမိန့် ၂ လ ထပ်တိုး

မောင်တောတွင် ညမထွက်ရအမိန့် ၂ လ ထပ်တိုး

ရန်ကုန်၊ အောက်တိုဘာ ၂၆ ။          ။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်တွင် နယ်မြေအခြေအနေအရ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ၂ လ ထပ်မံတိုးမြှင့်ထားကြောင်း   မောင်တောခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက မဇ္ဈိမသို့ပြောသည်။

“၂၅ ရက်နေ့က ပြည့်လို့ ထပ်ထုတ်လိုက်တာပါ။ နယ်မြေ တည်ငြိမ်အေးချမ်းရင်တော့ ထုတ်တော့မှာမဟုတ်ဘူး နယ်မြေအခြေအနေအရပေါ့ “ ဟု ၎င်းကဆိုသည်။

အခြေအနေ မတည်မငြိမ်မှုများ ရှိနေသေးသောကြောင့် မောင်တောခရိုင်အုပ်ချုပ်ရေးမှူးအမိန့်ဖြင့် ပုဒ်မ ၁၄၄ ကို အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၆ နာရီက ထပ်မံပြီး သက်တမ်း ၂ လထပ်တိုးလိုက်ခြင်းဖြစ်သည်။

အဆိုပါ ၂ လ သက်တမ်းတိုးရာတွင် မောင်တောခရိုင်အတွင်း ပြည်သူတို့သွားလာရာ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ၅ ဦး(သို့မဟုတ်) ၅ ဦး ထက်ပိုသော လူများစုဝေးခြင်း မပြုလုပ်ရန်များလည်း ပြင်ဆင်သည့်အမိန့်တွင် ပါရှိသည်။

အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၆ခုနှစ် အောက်တိုဘာ ၉ ရက်နေ့မှစတင်ကာ ညမထွက်ရအမိန့်ကို မောင်တောဒေသတွင်ထုတ်ပြန်ခဲ့ပြီး ဇွန်လတွင် အမိန့်ကို ထပ်မံတိုးထားခဲ့ကာ ယခု ၂ လ ထပ်တိုးလိုက်ခြင်း ဖြစ်သည်။

မောင်တောမြို့နယ်၌ ည ၉ နာရီမှ နံနက် ၅ နာရီအထိလည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၌ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိလည်းကောင်း ၂ လပြည့်မြောက်သည်အထိ ညမထွက်ရအမိန့်(၁၄၄)ကိုထုတ်ပြန်ထားခဲ့သည်။

အဆိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်မှုသည် ယခုနှစ် အောက်တိုဘာလ ၉ ရက်တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး လက်ရှိတွင် အစိုးရက နယ်မြေတည်ငြိမ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly