မိန်းကလေးများဘက်က နစ်နာမှုမရှိဟု ပြောဆိုခဲ့သော်လည်း ခွန်တန်အမှု ပျက်ပြယ်နိုင်ခြေ မရှိသေး

မိန်းကလေးများဘက်က နစ်နာမှုမရှိဟု ပြောဆိုခဲ့သော်လည်း ခွန်တန်အမှု ပျက်ပြယ်နိုင်ခြေ မရှိသေး

ရန်ကုန်၊ အောက်တိုဘာလ ၂၆ ။         ။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အလံတစ်ရာနယ်မြေတွင် ခွန်တန်(ခ) ဇာတ်လိုက်ဆိုသူအား ပုဒ်မ ၃ ခုဖြင့် စွဲဆိုထားသော အမှုတွင် ကာယကံရှင်မိန်းကလေးများ ဘက်က နစ်နာမှုမရှိခဲ့ဟု ပြောဆိုနေသော်လည်း အမှုပျက်ပြယ်နိုင်မည့် အနေအထားမရှိသေးကြောင်း သထုံမြို့နယ်ရဲစခန်းမှူး ဒုရဲမှူး ဦးမောင်မောင်က မဇ္ဈိမသို့ ပြောသည်။

ခွန်တန် (ခ) ခွန်အောင် (ခ) ဇာတ်လိုက်ဆိုသူနှင့် ၎င်း၏ အပေါင်းအပါ ၆ ဦးအား အောက်တိုဘာလ ၂၄ ရက် နေ့တွင် ကာယကံရှင်မိန်းကလေးငယ်တစ်ဦး၏ ဖခင်ဖြစ်သူက သထုံမြို့နယ်ရဲစခန်းတွင် မိန်းကလေးငယ်ကို အလိုမတူခိုးယူပေါင်းသင်းမှုဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ခွန်တန်က အလိုမတူဘဲ မိန်းလေးငယ်များအား ခိုးယူပေါင်းသင်းသည်ဟု ပြောဆိုသည့်အပေါ် ဟုတ်မှန်ခြင်းမရှိဘဲ မနာလို၍ စွပ်စွဲခြင်းများသာဖြစ်ကြောင်း ခွန်တန်နှင့် လက်ချည်ခဲ့သူ (လက်ထပ်ခဲ့သူ) မနန်းအေးခင်က ပြောဆိုသည်။

“ သူတို့ပြောတာတစ်ခုမှ မမှန်ဘူး။ သူတို့ ဆရာခွန်တန်ရဲ့အပေါ်ကို သူတို့မနာလိုလို့ သူတို့ စွပ်စွဲတာပဲ။ အဲ့ဒါ ပါပဲ။ စွပ်စွဲတာကလည်း ရက်ရက်စက်စက်ကို စွပ်စွဲတာပေါ့နော်။ အဲ့ဒါကြောင့်မို့ သူတို့က အဲ့ဒီလိုတွေလုပ်ကြ တာလဲဆိုတာတွေကို ကျွန်မတို့လည်း သဘောပေါက်ပါတယ်။ ဘုရားကိုတည်တာ ခွန်တန်တည်ရမှာပဲလေ။ ခွန်တန်ပဲ တည်နိုင်တယ်။ အဲ့ဒါကြောင့်မို့ ခွန်တန်ပဲတည်နိုင်တဲ့ ဘုရားကို သူတို့ လုချင်နေတာ။ သူတို့ လုချင် တော့ မရလို့ မိန်းမနဲ့ ပတ်သက်တဲ့စွပ်စွဲချက်နဲ့ မိန်းကလေးတွေကို လိုက်အမှုပတ်တယ်” ဟု မနန်းခင်က ပြောသည်။

“ကျွန်မတို့မိန်းကလေး တွေဆို ဘယ်လောက်ထိ နစ်နာခဲ့သလဲဆို ကျွန်မတို့ အသိဆုံးပေါ့နော်။ ကျွန်မတို့ကို လိုက်စွပ်စွဲတဲ့ စကားတွေ ပေါ့နော်။ ကျွန်မတို့ ကာယကံရှင်က ဘာမှလည်း မဖြစ်ခဲ့ဘူး။ ဘာမှမထိခိုက်ပဲနဲ့ သူတို့တွေက တော်တော်ကြီး စွပ်စွဲတယ်”ဟု မနန်းအေးခင်က ဆက်ပြောသည်။

ထိုသို့ မိန်းလေးငယ်များဘက်မှ ခွန်တန်နှင့် ပတ်သက်ပြီး ပြောဆိုမှုများရှိနေသော်လည်း ခွန်တန်(ခ) ဇာတ်လိုက်အပါ ၇ ဦးအား သထုံမြို့နယ်ရဲစခန်းမှ ထောင်ဒဏ် ၁ဝ နှစ်ထိ ချမှတ်နိုင်သည့် အတင်းအဓမ္မ ပေါင်းသင်းရန် ခိုးယူမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၆၆၊ ထောင်ဒဏ် ၇ နှစ်ထိချမှတ် နိုင်သည့် လူခိုးယူမှု ဥပဒေပုဒ်မ- ၃၆၃နှင့် ပူးပေါင်းပါဝင်သူများအား အရေးယူမှု ဥပဒေပုဒ်မ- ၁၁၄ စသည့် ပုဒ်မ ၃ ခုတို့ဖြင့် အမှုဖွင့်ကာ ဆက်လက် စစ်ဆေးလျက်ရှိသည်။

“ အမှုက ပျက်ပြယ်နိုင်မယ့်အနေအထားတော့ မရှိဘူးဗျ။ အခုမှ စစ်ဆေးစုံးစမ်းတုန်းပဲရှိပါသေးတယ်။ အမှုအခြေအနေကတော့ အကုန်လုံးကို မစစ်ဆေးရသေးဘူးခင်ဗျာ။ ကျွန်တော်တို့ သေချာစစ်ဆေးပြီးမှ ပြောလို့ရမယ်ဗျ။ အခု လောလောဆယ် ကျွန်တော်တို့ဆီလာတိုင်တာတော့ တစ်မှုပဲ ရှိပါသေးတယ်။ ခွန်တန်ခေါ် ဇာတ်ကောင်နဲ့ အတူ ပူးပေါင်းပါဝင်တဲ့သူတွေပါ ပါတော့ ပုဒ်မ ၁၁၄ နဲ့ စွဲထားတာက ၆ ယောက်ပါ။ အခုလက်ရှိတော့ သူတို့ကို စစ်ဆေးတုန်းပဲ ရှိပါသေးတယ်ခင်ဗျာ”ဟု သထုံမြို့နယ်ရဲစခန်းမှူး ဒုရဲမှူး ဦးမောင်မောင်က ပြောသည်။

ခွန်တန် (ခ) ခွန်အောင် (ခ) ဇာတ်လိုက် ဆိုသူက အလံတစ်ရာဆရာတော်ကြီး ဘဝကူးဝင်စားသူဟုဆိုကာ ၂ဝ၁၄ ခုနှစ်မှ စတင်ကာ ၂ဝ၁၆ ခုနှစ်အထိ မိန်းကလေးငယ် ၆ ဦးကိုလက်ထပ်ခဲ့ပြီး ၂ လခန့်အထိပေါင်း သင်းနေထိုင်ခဲ့ကာ ကွာရှင်းခြင်းမပြုဘဲ မိဘများထံပြန်နေစေပြီး ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း တိုင်ကြားထားသည်။

“ အခုတိုင်ကြားခဲ့တဲ့ ဦးဝင်းညွှန့်ကိုတော့ သူ့လုံခြုံရေးအတွက် ကျွန်တော်အိမ်မှာပဲခေါ်ထားပါတယ်။ သူက အမှုဖွင့်ခဲ့ပေမယ့် သူ့မိန်းမနဲ့ သမီးကလည်း ယုံကြည်မှုပေါ့ဗျ။ ဟိုလူအတွက်ဆိုရင် အသက်တောင် အသေ ခံမယ်လို့ပြောထားတာကိုး။ ကျွန်တော်တို့ ဖော်ထုတ်မှုတွေမလုပ်ဘဲ ထားရင် ပိုဆိုးသွားမယ်။ နောက်ထပ် သတင်းရထားတာတွေ အများကြီးကျန် သေးတယ်။ ကျွန်တော်ထပ်ပြီး မဖော်ချင်တော့ဘူး။ ဘာဖြစ်လို့လဲဆို တော့ ကာယကံရှင် ကိုယ်တိုင်က ဟိုဘက်က ပါနေတော့လေ။ ဒါပေမယ့် အခု အမှုကိုစဖော်မယ်ဆိုရင် တစ်စတစ်စနဲ့ ပေါ်လာမှာပဲ။ အခုအမှုမှာ သူတို့ ငြင်းမယ်ဆိုရင်လည်း   ဆေးစစ်ဘာညာလုပ်ပြီး ဖော်ထုတ်လို့ရတဲ့ နည်းလမ်းတွေအများကြီးရှိတာပဲလေ။ ပေါ်အောင်လုပ်မှရမယ်။ မဟုတ်ရင် ဘာသာလည်း သိက္ခာကျတယ်။ လူမျိုးလည်း သိက္ခာကျတယ် အဲ့ဒီ လိုမျိုးဖြစ်နေပြီ ”ဟု ပထမဦးဆုံး အစိုးရဌာနဆိုင်ရာများကို တိုင်ကြားစာ ပေးပို့ခဲ့သည့် အမှတ် (၉) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ အငြိမ်းစားတပ်မတော်အရာရှိဟောင်း ဦးခင်မောင်ကြည်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ပြဿနာနှင့်ပတ်သက်ပြီး အောက်တိုဘာလ ၁၉ ရက်တွင်လည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက ခွန်တန်(ခ) ဇာတ်ကောင်ဆိုသူအား အမြန်ဆုံးအရေးယူသွား မည်ဟု ပြောကြားခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌထံ ယင်းကိစ္စနှင့် ပတ်သက်၍ တိုင်ကြားစာ နှစ်စောင် ရောက်ရှိထားကာ အဆိုပါကိစ္စအား လာမည့် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြည်နယ်လွှတ်တော်၌ ကြားနာမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly